ဇူလိုင် ၁၅၊ ၂၀၂၆

The Kaladan Post

အမေရိကန် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေဟာ သူတို့အပေါ် ပစ်မှတ်ထားတဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ အဆမတန် များပြားလာတာကြောင့် ကိုယ်ပိုင်ဘဝနဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း အင်္ဂါနေ့မှာ လွှတ်တော်အမတ်တွေကို ပြောကြားလိုက်ပါတယ်။ တရားသူကြီး အေမီ ကိုနေး ဘားရက်တ် (Amy Coney Barrett) က သူမအနေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ အိမ်ကို ကျည်ကာအင်္ကျီ ယူသွားခဲ့ရသလို အသက် ၁၂ နှစ်အရွယ် သားဖြစ်သူကိုလည်း ကျည်ကာအင်္ကျီဆိုတာ ဘာလဲ၊ ဘာကြောင့် ဝတ်ရတာလဲဆိုတာကို ခက်ခက်ခဲခဲ ရှင်းပြခဲ့ရတယ်လို့ ဆိုပါတယ်။

တရားသူကြီး ဘားရက်တ်က “ဒီလို နိုင်ငံ့တာဝန် ထမ်းဆောင်ရတာဟာ ကျွန်မရဲ့ ကလေးတွေကို ကျည်ကာအင်္ကျီအကြောင်း ရှင်းပြနေရတဲ့ အခြေအနေမျိုးအထိ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိပါဘူး” လို့ လွှတ်တော်မှာ ထွက်ဆိုခဲ့ပါတယ်။ သူမနဲ့အတူ တရားသူကြီး အယ်လီနာ ကေဂန် (Elena Kagan) တို့ဟာ တရားလွှတ်တော်ချုပ် အဖွဲ့ဝင်တွေရဲ့ လုံခြုံရေး ရန်ပုံငွေ တိုးမြှင့်ပေးဖို့အတွက် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ဘတ်ဂျက်ကော်မတီတွေဆီမှာ လာရောက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း တရားသူကြီးတွေ လွှတ်တော်မှာ ပထမဆုံးအကြိမ် လာရောက်ထွက်ဆိုတာလည်း ဖြစ်ပါတယ်။

တရားသူကြီး ကေဂန်ကတော့ နိုင်ငံရေးသမားတွေရဲ့ ပြင်းထန်တဲ့ ပြောဆိုချက်တွေဟာ တရားသူကြီးတွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ သူမက “ဘယ်နိုင်ငံရေးသမားကပဲ ပြောပြော၊ ဘယ်ပါတီကပဲ ဖြစ်ဖြစ်၊ ဒီလို (အမုန်းပွားစေမယ့်) ပြောဆိုချက်တွေဟာ ဘာမှ အထောက်အကူမပြုတဲ့အပြင် တရားသူကြီးတစ်ဦးချင်းစီရဲ့ လုံခြုံရေးအတွက် အင်မတန် အန္တရာယ်ကြီးပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။ လတ်တလောမှာ တရားလွှတ်တော်ချုပ်က သမ္မတ ဒေါ်နယ်ထရန့်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်တဲ့ အရေးကြီး ဆုံးဖြတ်ချက်အချို့ ချမှတ်ခဲ့ပြီးနောက် တရားသူကြီးတွေအပေါ် ဝေဖန်တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် တရားလွှတ်တော်ချုပ်ဟာ လာမယ့် ဘဏ္ဍာနှစ်အတွက် လုံခြုံရေးနဲ့ အဆောက်အအုံ ထိန်းသိမ်းရေး အပါအဝင် စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၂၈ သန်း တောင်းခံထားပြီး ဒါဟာ အရင်နှစ်ကထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ထားတာ ဖြစ်ပါတယ်။ အဲဒီထဲက ဒေါ်လာ ၁၄ ဒသမ ၆ သန်းကိုတော့ တရားသူကြီး တစ်ဦးချင်းစီအတွက် လုံခြုံရေးအေးဂျင့် ၆ ဦးစီ ထပ်မံတိုးမြှင့်ခန့်အပ်ဖို့ အသုံးပြုသွားမှာပါ။ [အမေရိကန် တရားရေးဝန်ကြီးဌာန လက်အောက်ခံ Marshals Service] ရဲ့ အဆိုအရ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း ဖက်ဒရယ်တရားသူကြီးတွေအပေါ် ခြိမ်းခြောက်မှုပေါင်း ၅၆၄ ကြိမ်အထိ ရှိခဲ့ပြီး အခုနှစ်မှာတော့ ၃၈ ရာခိုင်နှုန်းလောက်အထိ ထပ်မံ တိုးလာနိုင်တယ်လို့ သိရပါတယ်။ တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်ကလည်း တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ဝေဖန်တာက လက်ခံနိုင်ပေမဲ့ လူပုဂ္ဂိုလ်ကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကိုတော့ ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းထားပါတယ်။

သတင်းရင်းမြစ် – SCMP (South China Morning Post) / AP