စက်တင် ၈၊ ၂၀၂၆
The Kaladan Post
အိန္ဒိယနှင့် တရုတ် တပ်မတော်တို့သည် အာရူနာချယ်ပရာဒေးရှ် ပြည်နယ် ခီဘီသူး (Kibithoo) ဒေသရှိ တကယ့်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန်အတွက် တပ်မမှူးအဆင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို ဝါချာ-ဒါမိုင်း (Wacha-Damai) နယ်စပ် အစည်းအဝေးနေရာတွင် ကျင်းပခဲ့တာဖြစ်ပြီး အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့ကို ဒီမာပူးရ် (Dimapur) အခြေစိုက် အမှတ် (၃) တပ်မဟာမှ တပ်မမှူး ဒုတိယဗိုလ်ချုပ်ကြီး ဂီရစ်ရှ်ကာလီယာ (Girish Kalia) က ဦးဆောင်ခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိပါ။
ယခု ဆွေးနွေးပွဲသည် အာရူနာချယ်ပရာဒေးရှ် ပြည်နယ် အထက်ဆူဘန်စီရီ (Upper Subansiri) ဒေသရှိ LAC တစ်လျှောက် တရုတ်တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများ ပိုမိုများပြားလာကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ထို့အပြင် ပီကင်းမြို့၌ အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗာလ် (Ajit Doval) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) တို့ အထူးကိုယ်စားလှယ် (SR) အဆင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခု စစ်ရေးအဆင့် ဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်းလည်း ဖြစ်ပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗာလ် က နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုသည် နယ်စပ်ဒေသတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းနိုင်မှုနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဂယ်လ်ဝမ် (Galwan) လျှိုဝှမ်း ထိတွေ့မှုအပြီး ဆက်ဆံရေး ဆိုးရွားခဲ့ရာမှ ကီလိုမီတာ ၃,၄၈၈ ရှည်လျားသည့် နယ်စပ် အငြင်းပွားမှုကို ဖြေရှင်းရန် နှစ်နိုင်ငံအကြား မကြာမီလများအတွင်း တည်ငြိမ်ရေး လုပ်ငန်းစဉ်များကို အဆင့်ဆင့် ဆောင်ရွက်လျက် ရှိပါတယ်။
Source – The New Indian Express