ဇွန် ၂၃၊ ၂၀၂၆
The Kaladan Post
အိန္ဒိယနိုင်ငံရှိ နာမည်ကြီး Tata Electronics ကုမ္ပဏီဟာ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် ၎င်းတို့ရဲ့ အဓိကဖောက်သည်တွေဖြစ်ကြတဲ့ Apple နဲ့ Tesla တို့ရဲ့ အရေးကြီး အစိတ်အပိုင်း ဒီဇိုင်းတွေနဲ့ ကုန်သွယ်မှုလျှို့ဝှက်ချက် (Trade Secrets) တွေ မှောင်ခိုအင်တာနက် (Dark Web) ပေါ်မှာ ပေါက်ကြားသွားခဲ့တယ်လို့ တနင်္လာနေ့ (ဇွန်လ ၂၂ ရက်) မှာ သတင်းထွက်ပေါ်လာပါတယ်။
ဒီဆိုက်ဘာတိုက်ခိုက်မှုကို ငွေညှစ်ဟက်ကာအဖွဲ့ (Ransomware Group) တစ်ခုဖြစ်တဲ့ World Leaks က လုပ်ဆောင်ခဲ့တာဖြစ်ပြီး လျှို့ဝှက်အချက်အလက်ဖိုင်ပေါင်း ၂ သိန်းကျော် (စုစုပေါင်း 630 GB ကျော်) ကို Dark Web ပေါ်မှာ ဖွင့်ချလိုက်တာဖြစ်တယ်လို့ ဆိုက်ဘာလုံခြုံရေး သုတေသီတွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး [Tata Electronics ကုမ္ပဏီ] က “လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ကျွန်တော်တို့ရဲ့ စနစ်တချို့မှာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ထိုးဖောက်ဝင်ရောက်မှုတစ်ခုကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းစဉ်တွေကို ချက်ချင်းစတင်ခဲ့ပြီး၊ ဒီဖြစ်စဉ်ကြောင့် ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်း လည်ပတ်မှုတွေအပေါ် တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပါတယ်။” လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။
သို့သော်လည်း ဒီကိစ္စနဲ့ နီးစပ်သူတစ်ဦးရဲ့ အဆိုအရ Tata ကုမ္ပဏီထံကို ဟက်ကာတွေက ငွေကြေးတောင်းခံမှု (Ransom demand) တွေ ပြုလုပ်ထားပြီး၊ Apple ဘက်ကလည်း ဒီအချက်အလက်ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ “အသေးစိတ် ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ဆောင်နေတယ်” လို့ သိရပါတယ်။ Apple နဲ့ Tata တို့ဘက်ကတော့ ငွေညှစ်တောင်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
ပေါက်ကြားသွားတဲ့ အချက်အလက်တွေထဲမှာ “com.apple.factorydata” လို့ အမည်ပေးထားတဲ့ Apple ရဲ့ စက်ရုံထုတ်လုပ်မှုဆိုင်ရာ ဖိုင်တွေ၊ iPhone Circuit Board အစိတ်အပိုင်းတွေအတွက် အရည်အသွေးစစ်ဆေးမှု စံနှုန်းတွေပါဝင်တဲ့ စာမျက်နှာ ၅၂ မျက်နှာပါ မှတ်တမ်းတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် Tata ရဲ့ အဓိက iPhone တပ်ဆင်ရေးစက်ရုံရှိရာ တမီးလ်နာဒူး (Tamil Nadu) ပြည်နယ်၊ ဟိုဆာ (Hosur) မြို့နဲ့ ပတ်သက်တဲ့ ဖိုင်တွေ၊ နိုင်ငံခြားသားတွေအပါအဝင် ဝန်ထမ်းတွေရဲ့ ပတ်စ်ပို့မိတ္တူတွေလည်း ပါဝင်နေတယ်လို့ အိန္ဒိယ ဆိုက်ဘာလုံခြုံရေးသုတေသီ ရာ့ဂျ်ရှက်ကာ ရာဂျာဟာရီယာ (Rajshekhar Rajaharia) က အတည်ပြုပါတယ်။
ဒါ့အပြင် လျှပ်စစ်ကားကုမ္ပဏီ Tesla အတွက် ထုတ်လုပ်ပေးနေတဲ့ အစိတ်အပိုင်းတွေလည်း ပေါက်ကြားခဲ့ပါတယ်။ ပေါက်ကြားဖိုင်တွေထဲမှာ Tesla ရဲ့ အဆင့်မြှင့်တင်ထားတဲ့ Model Y SUV ကားတွေမှာသုံးမယ့် “NV36 Chargeport Controller” အစိတ်အပိုင်းတွေနဲ့ Model 3 ဆီဒင်ကားသစ်အတွက် “TRADE SECRET (ကုန်သွယ်မှုလျှို့ဝှက်ချက်)” လို့ တံဆိပ်ရိုက်နှိပ်ထားတဲ့ ၂၀၂၃ ခုနှစ်ထုတ် ပုံစံကြမ်းမှတ်တမ်းတွေလည်း ပါဝင်နေပါတယ်။ ဖိုင်အများစုရဲ့ အောက်ခြေမှာ “ဤစာရွက်စာတမ်းတွင် Apple Inc. ၏ မူပိုင်နှင့် လျှို့ဝှက်အချက်အလက်များ ပါဝင်သည်” ဆိုတဲ့ စာသားတွေနဲ့ “ဤအချက်အလက်များသည် Tesla Inc. ၏ လျှို့ဝှက်ချက်နှင့် ကုန်သွယ်မှုလျှို့ဝှက်ချက်ဖြစ်သည်” ဆိုတဲ့ စာသားတွေကို အထင်အရှား တွေ့မြင်ရပါတယ်။ အဆိုပါဖိုင်တွေကို ဇွန်လ ၁၀ ရက်နေ့လောက်ကတည်းက Dark Web ပေါ်မှာ စတင်တွေ့ရှိခဲ့ရတာလို့ အခြားသုတေသီတစ်ဦးကလည်း ဆိုပါတယ်။
ဒီဆိုက်ဘာတိုက်ခိုက်ခံရမှုဟာ တရုတ်နိုင်ငံပြင်ပမှာ Apple ရဲ့ အရေးအပါဆုံး ထုတ်လုပ်မှုမိတ်ဖက်ဖြစ်လာတဲ့ Tata ကုမ္ပဏီအတွက်ရော၊ အိန္ဒိယနိုင်ငံကို ကမ္ဘာ့အီလက်ထရောနစ် ထုတ်လုပ်မှုဗဟိုချက်ဖြစ်လာစေဖို့ ကြိုးပမ်းနေတဲ့ ဝန်ကြီးချုပ် နရင်ဒရာမိုဒီ (Narendra Modi) ရဲ့ ရည်မှန်းချက်အတွက်ပါ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာစေပါတယ်။ လက်ရှိမှာ Tata ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံအတွင်း Apple ရဲ့ iPhone ထုတ်လုပ်မှု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံခန့်ကို တာဝန်ယူ ထုတ်လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။
သတင်း Source: Reuters