ဇွန် ၁၆၊ ၂၀၂၆

The Kaladan Post

 

နီပေါနိုင်ငံခြားရေးဝန်ကြီး ရှီဆာခါနယ် (Shisir Khanal) ဟာ ပြီးခဲ့တဲ့ မတ်လရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက်ပိုင်း အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သံတမန်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး တရုတ်ထိပ်တန်းသံတမန် ဝမ်ယိ (Wang Yi) နဲ့ ဇွန်လ ၁၅ ရက်နေ့က ပေကျင်းမြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ထူးခြားချက်အနေနဲ့ ဝန်ကြီး ခါနယ်ဟာ တရုတ်နိုင်ငံကို မလာခင် ရက်ပိုင်းအလိုမှာပဲ ပေကျင်းရဲ့ ဒေသတွင်းပြိုင်ဘက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံကို အရင်ဆုံး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အရင်က တရုတ်နဲ့ ရင်းနှီးတဲ့ ကွန်မြူနစ်ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားပြီးနောက်မှာ ပေါ်ထွက်လာတဲ့ နီပေါအစိုးရသစ်ရဲ့ အခုလို ခြေလှမ်းတွေဟာ တရုတ်သံတမန်တွေအတွက်တော့ ခေါင်းခဲစရာ ဖြစ်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

တွေ့ဆုံပွဲအတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “တရုတ်နိုင်ငံဟာ သူ့ရဲ့ ‘အိမ်နီးချင်း သံတမန်ရေးရာ’ မှာ နီပေါကို အမြဲတမ်း ရှေ့တန်းမှာ ထားရှိပါတယ်” လို့ ပြောကြားခဲ့သလို၊ နီပေါရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကိုလည်း အပြည့်အဝ ထောက်ခံသွားမယ်လို့ အတည်ပြုခဲ့ကြောင်း သိရပါတယ်။

နီပေါဟာ လူဦးရေ သန်း ၃၀ နီးပါးရှိတဲ့ နိုင်ငံငယ်လေး ဖြစ်ပေမဲ့ အိန္ဒိယနဲ့ရော တရုတ်နဲ့ပါ နယ်နိမိတ် ထိစပ်နေတဲ့အတွက် ဒီအင်အားကြီး နှစ်နိုင်ငံကြားမှာ သံတမန်ရေးအရ အသာစီးရအောင် (Leverage) အသုံးချနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။ ဝန်ကြီး ခါနယ်ကလည်း သူ့ရဲ့ အိန္ဒိယခရီးစဉ်အတွင်းမှာ နီပေါအစိုးရသစ်ဟာ “အတိတ်က နိုင်ငံရေး ဝန်ထုပ်ဝန်ပိုးတွေကနေ ကင်းလွတ်နေပြီ” ဖြစ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို အသစ်ကနေ ပြန်စဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ နီပေါဟာ အိန္ဒိယနဲ့ နှစ်ပေါင်း ၈၀ နီးပါးကြာအောင် နယ်စပ်အငြင်းပွားမှုတွေ ရှိနေပေမဲ့၊ အစိုးရသစ်ရဲ့ လမ်းစဉ်သစ်အရ ဒေသတွင်း အင်အားကြီးနိုင်ငံတွေကြားမှာ ဘယ်လို ဟန်ချက်ညီအောင် ဆက်လက်လုပ်ဆောင်သွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

Source: Reuters (Joe Cash)