မတ် ၁၄

The Kaladan Post

လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ အီရန်ကို နည်းနည်းပါးပါး အကူအညီ ပေးနေနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဖွင့်ဟပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ရာကနေ စစ်မီးမွှေးခဲ့တာ ဖြစ်ပါတယ်။ Fox သတင်းဌာနနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ သမ္မတ ထရမ့်က အီရန်ရဲ့ မိတ်ဖက်ဖြစ်တဲ့ ရုရှားဟာ အီရန်ကို အတိုင်းအတာ တစ်ခုအထိတော့ ကူညီနေလိမ့်မယ်လို့ သူယုံကြည်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန် မီဒီယာတချို့ရဲ့ ဖော်ပြချက်အရ အီရန်ဟာ အရှေ့အလယ်ပိုင်းက အမေရိကန် စစ်စခန်းတွေနဲ့ စစ်တပ်ရွေ့လျားမှု ဂြိုဟ်တုပုံရိပ်တွေကို ရုရှားဆီကနေ အချိန်နဲ့တပြေးညီ ရရှိနေတယ်လို့ ဆိုပါတယ်။

ဒီလို ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်က “ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ လက်ရှိစစ်ပွဲမှာ အီရန်ကို နည်းနည်းပါးပါးတော့ ကူညီချင် ကူညီနေလိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ထရမ့်က “ပူတင်ဘက်က ကြည့်ရင်တော့ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းကို အမေရိကန်က ကူညီနေတယ်လို့ မြင်မှာပဲလေ။ ဒါကြောင့် အခုကိစ္စကို ဘဲစားဘဲချေဆိုပြီး သဘောထားနိုင်ပါတယ်” လို့ သုံးသပ်ပြခဲ့ပါတယ်။

ဒါပေမဲ့ မတ်လ ၁၂ ရက်နေ့တုန်းကတော့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်က ရုရှားဟာ အီရန်ကို ဘာထောက်လှမ်းရေး အကူအညီမှ မပေးဘူးလို့ အမေရိကန်ကို အာမခံထားကြောင်း ပြောဆိုထားပါသေးတယ်။

အီရန်ဟာ ဂြိုဟ်တု ထောက်လှမ်းရေး စွမ်းရည်ပိုင်းမှာ အားနည်းချက်တွေ အများကြီးရှိနေတာကြောင့် ပစ်မှတ်ရှာဖွေတာနဲ့ တခြား အချက်အလက်တွေအတွက် ရုရှားဂြိုဟ်တုတွေက ကူညီဖြည့်ဆည်းပေးနေတယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြနေကြတာပါ။

ဒီလို ထရမ့်ရဲ့ ပြောစကားတွေဟာ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးတွေ ထိုးတက်သွားတာကို ထိန်းချုပ်ဖို့ အမေရိကန်က ရုရှားရေနံအပေါ် ပိတ်ဆို့ထားမှုတွေကို ခေတ္တ ဖြေလျှော့ပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီဖြေလျှော့မှုအရ မတ်လ ၁၂ ရက်နေ့ မတိုင်ခင် သင်္ဘောပေါ် ရောက်နေပြီးသား (သို့မဟုတ်) ပင်လယ်ပြင်မှာ ရောက်နှင့်နေပြီးသား ရုရှားရေနံတွေကို နိုင်ငံတကာက ရက် ၃၀ အတွင်း ဝယ်ယူခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။