စက်တင် ၅၊ ၂၀၂၆

The Kaladan Post

အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခ ၇ လထဲ ရောက်ရှိလာချိန်တွင် အဆိုပါ တိုက်ပွဲများသည် “ကိစ္စကြီးမဟုတ်ပါ” (small potatoes) ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့တွင် လျှော့ချပြောဆိုလိုက်ပါတယ်။

အဆိုပါ ပဋိပက္ခကြောင့် အမေရိကန် စစ်သည် ၁၈ ဦး သေဆုံးခဲ့ပြီး ကမ္ဘာ့စွမ်းအင် စျေးနှုန်းများ မြင့်တက်ခဲ့ရသော်လည်း သမ္မတ ထရမ့်က “ဒါဟာ ကိစ္စကြီးမဟုတ်ပါဘူး” ဟု အိမ်ဖြူတော် အိုဗာရုံးခန်း၌ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ ထို့အပြင် “ကျွန်တော်တို့ ဗင်နီဇွဲလားမှာ လုပ်ခဲ့သလို ဒီမှာလည်း လုပ်ခဲ့တာပါ၊ ဗင်နီဇွဲလားမှာ ဘယ်သူမှ မဆုံးရှုံးခဲ့ပေမဲ့ ဒီမှာတော့ ၁၈ ယောက် ဆုံးရှုံးခဲ့ပါတယ်” ဟု ဗင်နီဇွဲလား စစ်ဆင်ရေးနှင့် နှိုင်းယှဉ် ပြောကြားခဲ့ပါတယ်။

ဒုတိယသမ္မတ ဂျေဒီဗန်းစ် (JD Vance) ကလည်း လက်ရှိတွင် ပစ်ခတ်မှုများ မရှိတော့သဖြင့် ယင်းကို စစ်ပွဲဟု မခေါ်ဆိုနိုင်ကြောင်း မကြာသေးမီက ပြောကြားခဲ့ရာ သမ္မတ ထရမ့်က ယင်းအချက်ကို ထောက်ခံခဲ့ပါတယ်။ ထရမ့်က အဆိုပါ ဖြစ်စဉ်ကို စစ်ပွဲဟု မခေါ်ဘဲ “စစ်ရေးအရ ပဋိပက္ခ” ဟု သုံးနှုန်းခဲ့ပြီး “ကျွန်တော်တို့ အဆက်မပြတ် တိုက်ခိုက်မှုတွေ လုပ်နေပါတယ်၊ လက်ရှိမှာတော့ တိုက်ပွဲတွေ မရှိပါဘူး” ဟု ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သမ္မတ ထရမ့်က “ကျွန်တော်တို့ ဟော်မုဇ် ရေလက်ကြား (Hormuz Strait) ကို စိစစ်ထိန်းချုပ်ထားနိုင်ပါတယ်” ဟု ပြောဆိုခဲ့ပြီး နာတန့်ဇ် (Natanz) ယူရေနီယံ သန့်စင်ရေး စက်ရုံအနီးရှိ အီရန်၏ Pickaxe Mountain စစ်ရေးစခန်းကိုလည်း “မကြာမီ” တိုက်ခိုက်မှုများ ပြုလုပ်ဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

Reuters နှင့် Ipsos တို့၏ စမ်းသပ်လေ့လာချက်များအရ အမေရိကန်ပြည်သူ ၁၀ ဦးတွင် ၆ ဦးနီးပါးက အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုကို မထောက်ခံကြောင်း သိရပါတယ်။ အမေရိကန် အစိုးရအနေဖြင့် အီရန်အပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ အရှိန်မြှင့်တင်ရန်နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး စနစ်အတွင်းသို့ အီရန် ဝင်ရောက်ခွင့် မရရှိနိုင်စေရန် ပိတ်ဆို့မှု အသစ်များကို ထုတ်ပြန်ထားပါတယ်။

သမ္မတ ထရမ့်ကမူ ယခု ပဋိပက္ခနှင့် ပတ်သက်၍ “ဒါကို ခင်ဗျားတို့ ဘယ်လိုပဲ ခေါ်ခေါ် အရေးမကြီးပါဘူး၊ အဓိက အရေးကြီးတာက ကျွန်တော်တို့ ဘက်က ကြီးမားတဲ့ အောင်မြင်မှု ရရှိခဲ့တာပါပဲ” ဟု ပြောကြားခဲ့ပါတယ်။

Source – Al Jazeera