မတ် ၂၁
The Kaladan Post
အမေရိကန်ရဲ့ ထိပ်တန်း ကိုယ်ပျောက်တိုက်လေယာဉ် F-35 တစ်စီးဟာ အီရန်ဘက်က ပစ်ခတ်လိုက်လို့ ထိမှန်သွားတယ်လို့ ယူဆရတဲ့ အခြေအနေကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
ရန်သူ့ရေဒါတွေကနေ ထောက်လှမ်းလို့မရအောင် ကိုယ်ပျောက် (Stealth) နည်းပညာနဲ့ တည်ဆောက်ထားတဲ့ ဒီ ပဉ္စမမျိုးဆက် တိုက်လေယာဉ်ကြီးဟာ မတ်လ ၁၉ ရက်နေ့က အရှေ့အလယ်ပိုင်းဒေသထဲမှာရှိတဲ့ လေတပ်စခန်းတစ်ခုကို အရေးပေါ် ဆင်းသက်ခဲ့ရတာဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမေရိကန်စစ်တပ် ဗဟိုစစ်ရေးကွပ်ကွဲမှုဌာန (CENTCOM) ရဲ့ ပြောရေးဆိုခွင့်ရအရာရှိ တင်မ်ဟောကင်းစ်က “ဒီ F-35 လေယာဉ်ဟာ အီရန်နိုင်ငံပိုင်နက်ထဲမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတုန်း ထိခိုက်မှုရှိခဲ့တဲ့အတွက် ဒေသတွင်းက လေတပ်စခန်းတစ်ခုမှာ အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။ ဆင်းသက်တာကတော့ ချောချောမွေ့မွေ့ပါပဲ။ လေယာဉ်မှူးရဲ့ အခြေအနေကလည်း တည်ငြိမ်ပါတယ်။ အခုတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါပြီ” လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကိုတော့ သူက အတိအကျ ထည့်ပြောမသွားပါဘူး။
တစ်စီးကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက် တန်ဖိုးရှိပြီး အမေရိကန်ရဲ့ နည်းပညာအမြင့်ဆုံး ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီ F-35 ဟာ အီရန်ဘက်က တုံ့ပြန်ပစ်ခတ်လိုက်လို့ ထိမှန်ခဲ့တာ ဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် စစ်ဘက်သတင်းရင်းမြစ် နှစ်ဦးက CNN သတင်းဌာနကို ပြောပြခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ကလည်း F-35A ဒါမှမဟုတ် F-35B လို့ ယူဆရတဲ့ တိုက်လေယာဉ်တစ်စီးကို ပစ်မှတ်ထားပြီး မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ခတ်နေတဲ့ ဗီဒီယိုတစ်ခုကို ထုတ်ပြန်ပြသခဲ့ပါတယ်။
တကယ်လို့သာ IRGC က ဒီတိုက်လေယာဉ်ကို အမှန်တကယ် ချိန်ရွယ်ပစ်ခတ်နိုင်ခဲ့တာဆိုရင်တော့ ဒါဟာ F-35 လေယာဉ်တွေရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် ရန်သူ့ရဲ့ ထောက်လှမ်းပစ်ချမှုကို ခံရတာပဲ ဖြစ်လာပါတော့မယ်။ ဘာလို့လဲဆိုတော့ ဒီလေယာဉ်တွေဟာ ရန်သူ့ရေဒါတွေနဲ့ ရှာလို့မရနိုင်လောက်အောင် အထူးနည်းပညာတွေနဲ့ တည်ဆောက်ထားလို့ပါပဲ။
အီရန်စစ်ပွဲ ကာလတစ်လျှောက်လုံးမှာ အမေရိကန်ရဲ့ လေယာဉ်တွေ ဆုံးရှုံးမှုကလည်း တဖြည်းဖြည်း များလာနေပါတယ်။ စစ်ပွဲစစချင်းတုန်းကဆိုရင် မဟာမိတ် ကူဝိတ်လေတပ်က အမေရိကန်ရဲ့ F-15E တိုက်လေယာဉ် ၃ စီးကို အီရန်ဒရုန်းတွေအမှတ်နဲ့ မှားယွင်းပြီး ပစ်ချမိခဲ့ပါသေးတယ်။ ဒါ့အပြင် ဆော်ဒီအာရေးဘီးယားက စစ်စခန်းတစ်ခုမှာ ရပ်နားထားတဲ့ အမေရိကန်ရဲ့ KC-135 လေယာဉ်ပေါ်ကနေ ဆီဖြည့်တဲ့ လေယာဉ် ၅ စီးကိုလည်း အီရန်ဒုံးကျည်တွေ ထိမှန်ပြီး ပျက်စီးခဲ့တယ်လို့ အမေရိကန် အရာရှိတချို့က ပြောပေမဲ့ CENTCOM ဘက်ကတော့ အတည်မပြုထားပါဘူး။
နောက်ထပ် KC-135 တစ်စီးကလည်း တခြားလေယာဉ်တစ်စီးနဲ့ လေထဲမှာ တိုက်မိပြီး ပျက်ကျခဲ့လို့ အမှုထမ်း ၆ ဦး သေဆုံးခဲ့ရပါသေးတယ်။ ဒါတင်မကသေးဘဲ အမေရိကန်ဟာ အခုစစ်ပွဲကာလအတွင်းမှာ MQ-9 Reaper အမျိုးအစား ဒရုန်းတိုက်လေယာဉ် ၁၂ စီးလောက်ကိုလည်း ဆုံးရှုံးထားပြီး ဖြစ်ပါတယ်။
F-35 တိုက်လေယာဉ်တွေကို ၂၀၁၈ ခုနှစ်ကစပြီး စစ်ဆင်ရေးတွေမှာ စတင်အသုံးပြုခဲ့တာပါ။ မတော်တဆဖြစ်ပြီး ပျက်ကျတာတွေ ရှိခဲ့ပေမဲ့ ရန်သူက ပစ်ချလို့ ထိမှန်တာမျိုးတော့ တစ်ခါမှ မကြုံဖူးသေးပါဘူး။ အခုချိန်မှာတော့ IRGC ဘက်က F-35 တစ်စီးကို ထိမှန်အောင် ပစ်နိုင်ခဲ့တယ်လို့ ပြောနေပေမဲ့ ဘယ်လို ရေဒါအမျိုးအစားကိုသုံးပြီး ဘယ်လို စစ်လက်နက်နဲ့ ပစ်ခဲ့တာလဲ ဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ကိုးကား: CNN
ဓာတ်ပုံ – Getty/File