ဇွန် ၁၉၊ ၂၀၂၆
The Kaladan Post
ယူကရိန်းနိုင်ငံကို ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်အဖြစ် အမြန်လမ်းကြောင်း (Fast-track) ကနေ လက်ခံပေးခြင်းဟာ ဥရောပတိုက်ရဲ့ အနာဂတ်လုံခြုံရေးအတွက် အကောင်းဆုံး အာမခံချက်ဖြစ်တယ်လို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇွန်လ ၁၈ ရက်နေ့မှာ ကျင်းပတဲ့ EU ထိပ်သီးအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
သမ္မတ ဇလန်းစကီးဟာ ဘရပ်ဆဲလ်မြို့မှာပြုလုပ်တဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ဒီနှစ်ကုန်မှာ အပြီးသတ်ချင်တယ်လို့ အဖွဲ့ဝင်နိုင်ငံတွေကို ပြောဆိုခဲ့ပါတယ်။ “ဥရောပရဲ့ လွတ်လပ်မှု၊ စည်းလုံးမှုနဲ့ ငြိမ်းချမ်းရေး အနာဂတ်ဟာ ကျွန်တော်တို့ရဲ့ ခုခံကာကွယ်မှုအပေါ်မှာ မူတည်နေပါတယ်” လို့ သူက ဆိုပါတယ်။ ဒါ့အပြင် စစ်ပွဲသာ ထပ်မံရှည်ကြာနေဦးမယ်ဆိုရင် လာမယ့်ဆောင်းရာသီအတွက် လောင်စာဆီနဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည် ၃၀၀ ထက်မနည်း ကူညီပေးဖို့လည်း တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ယူကရိန်းရဲ့ EU ဝင်ခွင့်ကို အရှိန်မြှင့်လုပ်ဆောင်မယ်ဆိုတဲ့ စကားရပ်ကို အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဟန်ဂေရီက ကန့်ကွက်ခဲ့တာကြောင့် အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲကနေ အဲဒီအချက်ကို ဖယ်ရှားလိုက်ရတယ်လို့ ဆိုပါတယ်။ ဟန်ဂေရီဝန်ကြီးချုပ် ပီတာ မက်ဂျာက “ဒါဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး” လို့ ၎င်းရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒီထိပ်သီးအစည်းအဝေး မတိုင်ခင် နာရီပိုင်းအလိုမှာပဲ ယူကရိန်းဟာ ရုရှားပိုင်နက်ထဲက မော်စကို ရေနံချက်စက်ရုံအပါအဝင် ပစ်မှတ်အချို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ ယူကရိန်းရဲ့ စွမ်းဆောင်ရည်ကို သမ္မတ ထရန့်နဲ့ G7 ခေါင်းဆောင်တွေကို သက်သေပြလိုက်တာဖြစ်တယ်လို့ ဇလန်းစကီးက ပြောဆိုထားပါတယ်။
သမ္မတ ဇလန်းစကီးက ရုရှားသမ္မတ ပူတင်နဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဖို့ အဆင်သင့်ရှိနေပေမဲ့ ဥရောပအနေနဲ့ ရုရှားအပေါ် ဖိအားတွေ ဆက်ပေးထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ “ပူတင်ဆိုတာ စစ်ပွဲပါပဲ” လို့ ၎င်းက တင်စားပြောဆိုခဲ့ပြီး ယူကရိန်းစစ်တပ်အတွက် ယူရို ၆ ဘီလီယံလောက်ရှိတဲ့ ရန်ပုံငွေတွေကို အမြန်ဆုံး ထုတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
တစ်ဖက်မှာလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်ကတော့ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေအတွက် တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းအပေါ် အကြီးအကျယ် ညှိနှိုင်းတိုက်ခိုက်မှုတွေကို ပုံမှန်လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရှိရပါတယ်။
Source: Reuters (Jekaterina Golubkova and Ronald Popeski)