စစ်ကိုင်းတိုင်း ရေဘေးအရေးပေါ်တုံ့ပြန်ရေးအတွက် NUG က JERC ပူးပေါင်းကော်မတီ ဖွဲ့စည်း
ဩဂုတ် ၁၀
The Kaladan Post
စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုတွေ ပြင်းထန်နေပြီး စိုက်ပျိုးမြေအများအပြား ရေနစ်မြုပ်ကာ ကျေးရွာတွေက ပြည်သူသောင်းပေါင်းများစွာ အရေးပေါ်အကူအညီ လိုအပ်နေတဲ့အတွက် NUG က အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ JERC ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
JERC အနေနဲ့ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနဲ့ ဒီပဲယင်းမြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရေဘေးအခြေအနေတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ပြီး လိုအပ်ချက်တွေကို စုစည်းကာ အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့နယ်အဆင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဘေးသင့်ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို အကဲဖြတ်ကာ အစားအသောက်၊ ဆေးဝါး၊ သောက်သုံးရေနဲ့ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေကို လိုအပ်ချက်အပေါ် အခြေခံပြီး မျှတစွာ ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။ JERC က ပြည်တွင်းပြည်ပ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရေဘေးကယ်ဆယ်ရေးအပြင် အရေးပေါ်ကာလအပြီး ပြန်လည်ထူထောင်ရေးနဲ့ ဘေးဒဏ်ခံနိုင်ရည်ရှိရေးလုပ်ငန်းတွေကိုပါ စနစ်တကျ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့ကတော့ လူသားချင်းစာနာမှု၊ တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ဒေသခံတွေရဲ့ ပါဝင်မှုကို အခြေခံပြီး ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအထိ JERC ရဲ့ လုပ်ငန်းတွေကို လိုအပ်သလို တိုးချဲ့ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။
#စစ်ကိုင်းတိုင်း #ရေဘေးအရေးပေါ်တုံ့ပြန်ရေး #JERC #NUG #MyanmarNews

မြန်မာနိုင်ငံတောင်ပိုင်း ၆ လအတွင်း စစ်တပ်တိုက်ခိုက်မှုကြောင့် ကလေးနဲ့ အမျိုးသမီး ၃၂ ဦး သေဆုံး
ဩဂုတ် ၁၀
The Kaladan Post
မွန်၊ ကရင်နဲ့ တနင်္သာရီဒေသတွေမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စစ်တပ်ရဲ့ တိုက်ခိုက်မှု တွေကြောင့် ကလေးနဲ့ အမျိုးသမီး စုစုပေါင်း ၃၂ ဦး သေဆုံးပြီး ၈၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ထုတ်ပြန်ပါတယ်။ အဲဒီခြောက်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု ၄၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကလေးနဲ့ အမျိုးသမီးတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကြီး၊ ဒရုန်းနဲ့ မော်တာတိုက်ခိုက်မှုတွေကြောင့်လည်း အရပ်သားတွေ ထိခိုက်သေဆုံး ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာတွေသာမက တိုက်ပွဲမဖြစ်တဲ့ အရပ်သားနေထိုင်ရာဒေသတွေမှာပါ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်မှုတွေ ပိုမိုဖြစ်လာတယ်လို့ HURFOM က ပြောပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး စစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကို အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေက ပိုမိုခံစားနေရတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတောင်ပိုင်းမှာ ကလေးသူငယ် ၉၉ ဦး သေဆုံးပြီး ၂၂၈ ဦး ဒဏ်ရာရခဲ့သလို အမျိုးသမီး ၂၇၇ ဦး သေဆုံးပြီး ၆၂၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ HURFOM ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
#HURFOM #မွန်ပြည်နယ် #ကရင်ပြည်နယ် #တနင်္သာရီတိုင်း #MyanmarNews

ပြည်သူ့မျက်ရည်ကျိန်စာ မကျရောက်မီ အချိန်မီ ပြုပြင်ရန် စစ်တပ်ကို KIO ဥက္ကဋ္ဌ သတိပေး
ဩဂုတ် ၁၀
The Kaladan Post
ကချင်အာဇာနည်နေ့အခမ်းအနားမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက စစ်တပ်အနေနဲ့ နိုင်ငံရေး ပြဿနာတွေကို စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့နဲ့ ပြည်သူတွေ လက်မခံတဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းမှာ ပြုပြင်ဖို့လိုအပ်တဲ့ ကိစ္စတွေကို အချိန်မနှောင်းခင် ပြုပြင်ဖို့၊ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက် တာနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေကို ရှောင်ရှားဖို့၊ လူသားတိုင်းရဲ့ အသက်ကို တန်ဖိုးထားဖို့နဲ့ စစ်မြေပြင်မှာ စစ်ကျင့်ဝတ်တွေကို လိုက်နာဖို့ အချက်တွေကို အလေးထား ပြောကြားခဲ့ တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘုံရည်မှန်းချက် တစ်ခုအပေါ် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ NUG၊ CRPH အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုရရှိအောင် ပူးပေါင်းကြိုးပမ်းဖို့ တိုက်တွန်းထားပါတယ်။ တော်လှန်ရေး ကာလ ကြာရှည်လာတာနဲ့အမျှ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ အသက်ဆုံးရှုံးနေရမှုအပေါ် ဝမ်းနည်းရကြောင်း ပြောကြားခဲ့သလို မူးယစ်ဆေးဝါးပြဿနာ၊ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်တွေနဲ့ လူဦးရေလျော့ကျလာမှုတွေကိုလည်း အလေးထား ဖြေရှင်းဖို့ ပြောဆိုခဲ့ပါတယ်။
ပြည်သူ့စစ်အဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်တာကို ရပ်တန့်ပြီး အမှန်တရားဘက်က ရပ်တည်ရန် သတိပေးခဲ့သလို မပြုပြင်နိုင်မီ ပြည်သူတွေရဲ့ ဘဝမျက်ရည်ကျိန်စာ မကျရောက်စေဖို့ အချိန်မီ ပြုပြင်ကြဖို့လည်း တိုက်တွန်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါ တယ်။ KIO အနေနဲ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေသလို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးနဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း သိရပါတယ်။
#KIO #ကချင်အာဇာနည်နေ့ #ဗိုလ်ချုပ်ကြီးအင်ဘန်လ #ဖက်ဒရယ်ဒီမိုကရေစီ #MyanmarNews

အဖွဲ့အမည်အလွဲသုံးပြီး ခိုးဆိုးလုယက်သူတွေကို အရေးယူမည် CDF-Hakha သတိပေး
ဩဂုတ် ၁၀
The Kaladan Post
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ CNA နဲ့ CDF-Hakha အဖွဲ့အမည်တွေကို အလွဲသုံးစားပြုကာ သေနတ်နဲ့ ဗုံးအတုတွေ ကိုင်ဆောင်ပြီး ခိုးဆိုးလုယက်မှုတွေ ကျူးလွန်နေတဲ့ သူတွေကို ဖမ်းဆီးအရေးယူသွားမယ် လို့ CDF-Hakha က ယနေ့ ဩဂုတ် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။ အဆိုပါအုပ်စုတွေဟာ နေအိမ်တွေ ဖောက်ထွင်းခိုးယူတာ၊ လမ်းသွားလမ်းလာပြည်သူတွေကို ရိုက်နှက်နှောင့်ယှက်တာတွေအပါအဝင် ဒုစရိုက်လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ CDF-Hakha ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ အဲဒီလူငယ်အုပ်စုတွေကို လိုက်လံစုံစမ်းရှာဖွေနေပြီး ဖမ်းဆီးရမိပါက CNA အမည်အသုံးပြု သူတွေကို CNA ထံ လွှဲပြောင်းပေးမှာဖြစ်သလို CDF အမည်အသုံးပြုသူတွေကိုတော့ CDF-Hakha က ကိုယ်တိုင် အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဟားခါးမြို့ကို ဒုစရိုက်သမားတွေ စုဝေးရာနေရာ မဖြစ်စေရေးအတွက် မိဘတွေက သားသမီးတွေကို စနစ်တကျစောင့်ကြည့်ပေးဖို့နဲ့ ရပ်ကွက်အတွင်း ပြည်သူတွေအနေနဲ့လည်း အဆိုပါဒုစရိုက်သမားတွေကို ဖော်ထုတ်ဖမ်းဆီးရေး ပူးပေါင်းဆောင်ရွက် ပေးဖို့ CDF-Hakha က တိုက်တွန်းထားပါတယ်။
CDF-Hakha အပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ တရားဝင်တာဝန်ပေးအပ်ခြင်းမရှိဘဲ မြို့အတွင်း မသမာတဲ့လုပ်ရပ်တွေနဲ့ သွားလာနေပါက အဖွဲ့အနေနဲ့ တာဝန်ယူမှာမဟုတ်သလို စည်းမျဉ်းအတိုင်း ပြင်းထန်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
#CDFHakha #ဟားခါး #CNA #ချင်းပြည်နယ် #MyanmarNews

ရေးမြောက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံး
ဩဂုတ် ၁၀
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းမှာ ခလရ (၁၀၆) ကနေ အောင်သပြေရွာဟောင်းဘက် စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဩဂုတ် ၈ ရက် နေ့လယ်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကနဦးသတင်းတွေအရ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သား ၆ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရကာ ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရာမညမွန်တပ်တော် (RMA) တပ်ရင်း (၉၀၁) နဲ့ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲတို့ ပူးပေါင်းပါဝင်ခဲ့ပြီး RMA (၉၀၁) တပ်ရင်းက ရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၎င်းတို့ပေးဆပ်မှုကို ဂုဏ်ပြုအောက်မေ့ကြောင်း ဖော်ပြထားပါတယ်။
ထို့ပြင် ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) တည်ထောင်ခြင်း ၅ နှစ်ပြည့်အထိမ်းအမှတ် အဖြစ် KBDF ရဲဘော်များ၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုအလေးပြုကြောင်းနှင့် တော်လှန်ရေး ခရီးကို ခိုင်မာသောစိတ်ဓာတ်ဖြင့် ဆက်လက်လျှောက်လှမ်းနေမှုအပေါ် လေးစားဂုဏ်ယူကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရပါတယ်။ ညီနောင်တပ်ဖွဲ့များ အဖြစ် MSRF နှင့် KBDF တို့သည် အပြန်အလှန်ကူညီပူးပေါင်းကာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်လက်တွဲကြိုးပမ်း သွားမည်ဟု ပြောဆိုထားပါတယ်။
#ရေးမြို့နယ် #မွန်ပြည်နယ် #တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ #ရာမညမွန်တပ်တော်

တပ်ကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ
ဩဂုတ် ၁၀
The Kaladan Post
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း အင်အား ၆၀ ခန့်စီပါ စစ်ကောင်စီစစ်ကြောင်း ၂ ခု ဝင်ရောက်လာစဉ် တစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး ၈ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန် ပါတယ်။ ယနေ့ ဩဂုတ် ၁၀ ရက် နံနက် ၁၀ နာရီ ၄၈ မိနစ်ခန့်မှာ ရတနာမြေဘက်ကနေ ကန်နှစ်ဆင့်ရွာ ဘက် ဝင်လာတဲ့ စစ်ကြောင်းကို ချောင်းဆုံရွာနဲ့ ကန်နှစ်ဆင့်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ဒဏ်ရာရနဲ့ သေဆုံးသူတွေကို သယ်ဆောင်ဖို့ ဒေသခံတွေရဲ့ လှည်းတွေကို သိမ်းဆည်းခဲ့ပြီး ပြည်သူအချို့ကိုလည်း အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရပါတယ်။ အခြားစစ်ကြောင်းတစ်ကြောင်းကလည်း မိုင်းပေါက်ကွဲသံကြားပြီးနောက် လမ်းကြောင်းပြောင်းကာ ကန်နှစ်ဆင့်ရွာဘက် ရောက်ရှိနေတယ်လို့ သိရပြီး ဒေသတွင်း စစ်ရေး အခြေအနေ ဆက်လက်တင်းမာနေပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ဦးစီးတပ်) က လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းမှာ ခလရ (၁၀၆) ကနေ အောင်သပြေရွာဟောင်းဘက် စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဩဂုတ် ၈ ရက် နေ့လယ်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၆ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
#တပ်ကုန်းမြို့နယ် #နေပြည်တော် #ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် #တော်လှန်ရေး
