ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်တန်းတူညီမျှရေးအတွက် ဆက်လက်ကြိုးပမ်းရန် KNPP တိုက်တွန်း
ဩဂုတ် ၁၇
The Kaladan Post
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုဌာနချုပ်က ဩဂုတ် ၁၇ ရက်မှာ ကျရောက်မယ့် ၇၈ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့အတွက် သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပြီး ၁၉၄၈ ခုနှစ် ဩဂုတ် ၁၇ ရက်က စတင်ဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည်တပ်မတော်ဟာ ကရင်နီပြည်သူတွေရဲ့ အမျိုးသားရေး ရည်မှန်းချက်တွေနဲ့ အသက်အိုးအိမ်၊ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးလာခဲ့တယ်လို့ ပြောဆိုထားပါတယ်။
၇၈ နှစ်တာကာလအတွင်း အသက်၊ သွေးနဲ့ ခန္ဓာပေးဆပ်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ဒုက္ခတွေကို ကြံ့ကြံ့ခံ ခဲ့ကြတဲ့ မိသားစုဝင်တွေကိုလည်း KNPP က ဂုဏ်ပြုမှတ်တမ်းတင်ထားပါတယ်။ ၂၀၂၁ ခုနှစ်နောက် ပိုင်းမှာ ကရင်နီပြည်တပ်မတော်ဟာ လူထုတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေ ပူးပေါင်းပြီး အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးနဲ့ ပြည်သူတွေကို ကာကွယ်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အနာဂတ်ကရင်နီပြည်ကို ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တန်းတူညီမျှရေးတို့ အပေါ် အခြေခံတည်ဆောက်နိုင်ရေးအတွက် ပြည်သူတွေနဲ့အတူ ဆက်လက်တာဝန်ထမ်းဆောင်ကြဖို့ KNPP က တိုက်တွန်းထားပါတယ်။
#ကရင်နီပြည်တပ်မတော်နေ့ #KNPP #ကရင်နီပြည် #ဖက်ဒရယ်ဒီမိုကရေစီ #မြန်မာ့နိုင်ငံရေး

ခေါင်းဆောင်နှင့် ရဲဘော်များ လုပ်ကြံသတ်ဖြတ်ခဲ့သူများကို ဖော်ထုတ်နိုင်ပြီဟု CDF-KKG ပြော
ဩဂုတ် ၁၇
The Kaladan Post
CDF-KKG ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဗဟိုကော်မတီဝင် ဖြိုးလွင်ဦး (ခ) ဘဖြိုး၊ တပ်ရင်း (၆) မှ ရဲဘော်မဲကြီးနဲ့ စစ်ရှောင်ပြည်သူတစ်ဦးတို့ ဩဂုတ် ၁၂ ရက်ညက လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက် ပြီး ကျူးလွန်သူတွေရဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ပြီလို့ ဩဂုတ် ၁၇ ရက်မှာ ပြောဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တာကြောင့် အသေးစိတ် အချက်အလက်တွေကို လိုအပ်သလို ထပ်မံထုတ်ပြန်သွားမယ်လို့ CDF-KKG က အသိပေးထား ပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ ကျူးလွန်သူတွေကို ခိုလှုံခွင့်ပေးသူနဲ့ ပံ့ပိုးကူညီသူတွေကိုပါ ထိရောက်စွာ အရေးယူသွားမယ်ဖြစ်ပြီး နစ်နာသူတွေနဲ့ မိသားစုတွေအတွက် တရားမျှတမှုရရှိရေးကို ဆောင်ရွက် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ် ရဲထွန်းဇော်ကလည်း ဘုံရည်မှန်းချက်တူတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအကြား လက်နက်အားကိုးပြီး အကြမ်းဖက်သတ်ဖြတ်တာတွေကို လက်မခံကြောင်းနဲ့ နစ်နာသူမိသားစုတွေနဲ့ အဖွဲ့အစည်းတွေအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
ဒီဖြစ်စဥ်နှင့် ပတ်သက်ပြီး မြေပြင်သတင်းရင်းမြစ်တချို့ကတော့ ဒီလုပ်ကြံမှုမှာ Black Dragon Force အဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ပြောဆိုထားပေမယ့် ကျူးလွန်သူတွေရဲ့ အဖွဲ့အစည်းဆိုင်ရာ ဆက်နွှယ်မှုကို CDF-KKG ရဲ့ ထုတ်ပြန်ချက်မှာ အတည်ပြုဖော်ပြထားခြင်း မရှိသေးပါဘူး။ ထို့ပြင် ကျူးလွန်သူလို့ စွပ်စွဲခံထားရသူတွေဟာ လက်နက် ၇ လက်နဲ့အတူ စစ်ကောင်စီဘက်ကို အညံ့ခံဝင်ရောက်သွားပြီး ဆိုသည့်သတင်းများလည်း ထွက်ပေါ်နေပါတယ်။
#CDFKKG #မကွေးဖက်ဒရယ်ယူနစ် #ဂန့်ဂေါ #တရားမျှတမှု #မြန်မာ့နိုင်ငံရေး

မန္တလေးဒေသနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ SCEF အဖွဲ့ဝင်အဖြစ် ပါဝင်ရန် သဘောတူ
ဩဂုတ် ၁၇
The Kaladan Post
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တွင် မန္တလေးဒေသနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်ရန် သဘောတူညီခဲ့ကြောင်း SCEF က ထုတ်ပြန် ပါတယ်။ SCEF အနေနဲ့ ဩဂုတ် ၁၃ ရက်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နောက် ဩဂုတ် ၁၄ ရက်မှာ မန္တလေးဒေသ အုပ်ချုပ်ရေးကောင်စီနဲ့ လွှတ်တော်တာဝန်ရှိသူတွေနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါတယ်။
ဆွေးနွေးမှုတွေမှာ SCEF ရဲ့ ဖွဲ့စည်းပုံ၊ လုပ်ငန်းမူဘောင်နဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေကို ရှင်းလင်းဆွေးနွေးခဲ့ပြီး နှစ်ဖက်စလုံးက ပူးပေါင်းပါဝင်ရေး သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်မှာ KNU၊ KIO၊ NUG၊ CRPH၊ KNPP၊ CNF တို့အပါအဝင် တော်လှန်ရေးအင်အားစုတွေက စတင်ဖွဲ့စည်းခဲ့တဲ့ SCEF ထဲကို စစ်ကိုင်းနဲ့ မန္တလေးတို့ ပထမဆုံးအကြိမ် ပူးပေါင်းပါဝင်လာတာလည်း ဖြစ်ပါတယ်။
SCEF အနေနဲ့ ဖက်ဒရယ်ယူနစ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူလူထုနဲ့ အမျိုးသမီး ကိုယ်စားပြု မဏ္ဍိုင်တွေကို စုစည်းပြီး တော်လှန်ရေးအင်အားစုတွေကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
#SCEF #စစ်ကိုင်းဖက်ဒရယ်ယူနစ် #မန္တလေးဒေသ #ဖက်ဒရယ်ဒီမိုကရေစီ #တော်လှန်ရေးအင်အားစု

အုပ်ချုပ်ရေးမှူးများအား ပြန်လာလျှင်သတ်မည်ဟု စစ်မှုထမ်းတပ်သားက ခြိမ်းခြောက်
ဩဂုတ် ၁၇
The Kaladan Post
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် (၂) ကနေ ပြန်လည်ရောက်ရှိလာတဲ့ အမျိုးသားတစ်ဦးက မိမိအား စစ်မှုထမ်းရန် ပို့ဆောင်ခဲ့တယ်လို့ဆိုတဲ့ အကွက်မှူး ဦးနိုင်ဝင်းကို ဩဂုတ် ၁၁ ရက်ညပိုင်းမှာ ဓားနဲ့ ထိုးခုတ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၆၃ နှစ်အရွယ် ဦးနိုင်ဝင်းဟာ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေစဉ် တိုက်ခိုက်ခံခဲ့ရပြီး နောက်ကျော၊ ရင်ဘတ်နဲ့ လက်မောင်းတို့မှာ ထိုးသွင်းပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တာကြောင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဓားနဲ့ တိုက်ခိုက်ခဲ့တဲ့ အမျိုးသားကို နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပြီး အမှတ် (၈) ရဲစခန်း မှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်နောက်ပိုင်း စစ်မှုထမ်းသင်တန်းဆင်းလူငယ်အချို့က မိမိတို့အား စစ်မှုထမ်းရန် စေလွှတ် ခဲ့တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခြိမ်းခြောက်ပြောဆိုတဲ့ ဗီဒီယိုမှတ်တမ်းတွေ လူမှု ကွန်ရက်ပေါ်မှာ ဆက်လက်ပျံ့နှံ့နေပါတယ်။ ဒေသအသီးသီးမှာ စစ်မှုထမ်းစုဆောင်းရေးလုပ်ငန်းစဉ်တွေ အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူအချို့ ပါဝင်ဆောင်ရွက်ခဲ့ရတာကြောင့် စစ်မှုထမ်း သင်တန်းတက်ရောက်ခဲ့သူတွေနဲ့ မိသားစုဝင်တွေကြား မကျေနပ်မှုတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါကြောင့် စစ်မှုထမ်းတာဝန်ကနေ ပြန်လည်ရောက်ရှိလာသူတွေနဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေ အကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာပြီး အောက်ခြေအုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေး အခြေအနေအပေါ် စိုးရိမ်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။ ယခုဖြစ်စဉ်ဟာ စစ်မှုထမ်းစုဆောင်းရေးနဲ့ ပတ်သက်တဲ့ မကျေနပ်မှုတွေက ဒေသခံလူထုနဲ့ အောက်ခြေအုပ်ချုပ်ရေးယန္တရားကြားမှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ တင်းမာမှုအသစ်တွေ ဖြစ်ပေါ်နေပါတယ်။
#မန္တလေး #ချမ်းအေးသာစံ #စစ်မှုထမ်းဥပဒေ #စစ်မှုထမ်းစုဆောင်းရေး #မြန်မာ့နိုင်ငံရေး

မှိုလိုပေါက်ပြီး မှိုလိုမပုပ်မသွားဘဲ ဖက်ဒရယ်ဒီမိုကရေစီအတွက် ဆက်လက်ရပ်တည်ရန် KA စစ်ဦးစီးချုပ် သတိပေး
ဩဂုတ် ၁၇
The Kaladan Post
ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅) က ပြီးခဲ့တဲ့ ၄ နှစ်တာကာလအတွင်း တိုက်ပွဲတွေကနေ သိမ်းဆည်းရရှိခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေကို ကိုယ်ကျိုးအတွက် ရောင်းချတာမျိုး မလုပ်ဘဲ စနစ်တကျ ထိန်းသိမ်းထားပြီး လိုအပ်တဲ့နေရာတွေမှာ ပြန်လည်အသုံးပြုနေတယ်လို့ ဩဂုတ် ၁၇ ရက်မှာ အသိပေးပြောဆိုပါတယ်။ ၇၈ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အထိမ်းအမှတ် အဖြစ် အဆိုပါ လက်နက်ပစ္စည်းတွေကို ထုတ်ပြခဲ့ပြီး ရရှိလာတဲ့ အောင်မြင်မှုတွေဟာ ရဲဘော်တစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်မှုနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်မှုတွေကြောင့်လို့ ဆိုပါတယ်။
ဒါ့အပြင် တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်တွေကို ဂုဏ်ပြုအောက်မေ့နေသလို အခက်အခဲတွေကြားကနေ ကူညီပံ့ပိုးပေးခဲ့တဲ့ ကရင်နီပြည်သူတွေနဲ့ တပ်ပေါင်းစုအဖွဲ့တွေကိုလည်း ကျေးဇူးတင်ကြောင်း KA တပ်ရင်း (၅) က ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က နွေဦးတော်လှန်ရေးအင်အားစု တွေကြား စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းဖို့ လိုအပ်ကြောင်း “မှိုလိုပေါက်ပြီး မှိုလိုမပုပ်သွားဖို့လိုတယ်” လို့ သတိပေးပြောဆိုခဲ့ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘုံရည်မှန်းချက်အပေါ် အခြေခံပြီး ဆက်လက်ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။ ကရင်နီပြည်တပ်မတော်ကို ၁၉၄၈ ခုနှစ် ဩဂုတ် ၁၇ ရက်မှာ နယ် ၄ နယ်နဲ့ တပ်ရင်း ၄ ရင်းကို အခြေခံပြီး UKSIA အမည်နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၇၄ ခုနှစ်ကစပြီး Karenni Army (KA) လို့ အမည်ပြောင်းလဲခဲ့ကာ အဲဒီနေ့ကို ကရင်နီပြည်တပ်မတော်နေ့ အဖြစ် ယနေ့တိုင် ကျင်းပလာတာ ဖြစ်ပါတယ်။
KA အနေနဲ့ တစ်ပါးသူကို ကျူးကျော်ရန်စဖို့ ဖွဲ့စည်းထားတာမဟုတ်ဘဲ ကရင်နီ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အမျိုးသားရေးရည်မှန်းချက်တွေကို ကာကွယ်ဖို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးပန်းတိုင်တွေ အတွက် ဆက်လက်ရပ်တည်သွားမယ်လို့ ဆိုပါတယ်။
#ကရင်နီပြည်တပ်မတော်နေ့ #KarenniArmy #KA #ကရင်နီပြည် #ဖက်ဒရယ်ဒီမိုကရေစီ