ဇွန် ၂၆၊ ၂၀၂၆

The Kaladan Post

 

ပြန်လည်ခေါင်းထောင်လာတဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေကို ဘယ်လိုတန်ပြန်နှိမ်နင်းမလဲဆိုတာ ဆွေးနွေးနိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ဦးဆောင်မယ့် ထိပ်သီးဆွေးနွေးပွဲတစ်ခုကို လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာ ကျင်းပသွားမယ်လို့ [အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန] တာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

“နိုင်ငံရေးအကြမ်းဖက်မှု ပြန်လည်ခေါင်းထောင်လာခြင်းဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲ” လို့ အမည်ပေးထားတဲ့ ဒီအစည်းအဝေးကို ဝါရှင်တန်ဒီစီ (Washington D.C.) မှာ ကျင်းပမှာဖြစ်ပြီး ဥရောပ၊ အာရှနဲ့ အနောက်ကမ္ဘာခြမ်း ဒေသတွေက နိုင်ငံပေါင်း ၆၀ ကျော်က ကိုယ်စားလှယ်တွေကို ဖိတ်ကြားသွားဖို့ ဝန်ကြီး ရူဘီယို က စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြီးခဲ့တဲ့ မေလက လက်မှတ်ရေးထိုးခဲ့တဲ့ “အကြမ်းဖက်မှု တန်ပြန်ရေး မဟာဗျူဟာ” ရဲ့ နောက်ဆက်တွဲခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ အဆိုပါ မဟာဗျူဟာဟာ “အမေရိကန်ဆန့်ကျင်ရေး၊ အစွန်းရောက် လိင်ပြောင်းလဲမှုဝါဒ သို့မဟုတ် အစိုးရမဲ့ဝါဒ (Antifa ကဲ့သို့သော) ကို ကိုင်စွဲထားသည့် အကြမ်းဖက် လောကီနိုင်ငံရေးအုပ်စုများ” ကို ဖော်ထုတ်နှိမ်နင်းဖို့ အဓိကရည်ရွယ်ထားတာလို့ [အိမ်ဖြူတော်] က ဆိုပါတယ်။

အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက “ဒီလို ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို အတိတ်ကာလတွေတုန်းက လုံလောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှုမျိုး မရှိခဲ့ပါဘူး။ အမေရိကန် နိုင်ငံသားတွေ၊ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ လက်ရှိ ခြိမ်းခြောက်မှု အခြေအနေမှန်တွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ အကြမ်းဖက်မှု တန်ပြန်ရေးစနစ်ကို အဆင့်မြှင့်တင်ဖို့ (Update လုပ်ဖို့) လိုအပ်နေပါပြီ။” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ အဓိကပစ်မှတ်ထား နှိမ်နင်းမယ့် အကြမ်းဖက်လုပ်ရပ်တွေထဲမှာ လုပ်ကြံသတ်ဖြတ်မှု၊ လူပြန်ပေးဆွဲမှု၊ အစိုးရအဖွဲ့အစည်းတွေနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကို အကြမ်းဖက်ခြိမ်းခြောက်မှု၊ အရေးကြီး အခြေခံအဆောက်အအုံတွေနဲ့ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေကို တိုက်ခိုက်မှုတွေ ပါဝင်တယ်လို့ အဆိုပါအရာရှိက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ကွန်ဆာဗေးတစ် (Conservative) တက်ကြွလှုပ်ရှားသူ ချာလီ ကာ့ခ် (Charlie Kirk) လုပ်ကြံခံရပြီးနောက်၊ အိမ်ဖြူတော် တာဝန်ရှိသူတွေက အကြမ်းဖက်မှုကို လှုံ့ဆော်တယ်လို့ စွပ်စွဲခံထားရတဲ့ အမည်မသိ လက်ဝဲယိမ်း (Left-wing) အုပ်စုတွေကို နှိမ်နင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ မဟာဗျူဟာအသစ်မှာ အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့ လက်ယာယိမ်း (Right-wing) အုပ်စုတွေကိုပါ အတူတကွ ပစ်မှတ်ထား နှိမ်နင်းသွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

သတင်း Source: Reuters