မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦး သေဆုံး
မတ် ၂၀
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း မတ်လ ၁၇ ရက်နေ့က စစ်တပ်စစ်ကြောင်း (အင်အား ၂၀၀ ခန့်) က ရွာများကို စစ်ကြောင်းထိုးလာပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးရန် ကြိုးပမ်းချိန်၌ Myingyan Twenty one Guerilla Force (MTGF) အဖွဲ့ ဦးဆောင်ကာ မြင်းခြံ ၂၁ ပျောက်ကြားတပ်ဖွဲ့၊ TFM ပျောက်ကြားတပ်ဖွဲ့၊ Onemore စစ်ကြောင်း၊ မိုရှေဒါးယမ်း၊ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ၃ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦး သေဆုံး၊ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Twenty one Guerilla Force (MTGF) က အသိပေးထားသည်။ တိုက်ပွဲအပြီး စစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာခဲ့ပြီး မတ်လ ၁၈ ရက်တွင် စစ်သားအလောင်းများကို လာရောက်ကောက်ယူသွားကာ သင်္ဘောတင်ရွာတွင် အလောင်းအချို့ကို မီးရှို့သဂြိုလ်ခဲ့သည်ဟု MTGF အဖွဲ့မှ Joker က ပြောကြားခဲ့သည်။ ခဲယမ်းအချို့ သိမ်းဆည်းရမိသော်လည်း လက်နက်ကြီးများ မရရှိခဲ့ကြောင်း သိရသည်။ ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်။ အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ပြောင်းပြာ၊ လက်လုပ်ရွာဘက်တွင် မတ်လ ၁၉ ရက် မွန်းလွဲပိုင်းမှ စတင်ကာ PDF တပ်များနှင့် စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အသေခံဒရုန်း၊ စက်တပ်လေထီး၊ ဂျက်ဖိုက်တာများဖြင့် ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။ တိုက်ပွဲကြောင့် ပြောင်းပြာ၊ လက်လုပ်၊ စားတော်ပြင်၊ ကုန်း၊ ဇီးတောင်၊ ဇီးတောမြောက်၊ အုန်းတော၊ ရုံးလေးပင်၊ နုံးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ကျောက်ကြီးမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၃ ဦး KNLA တပ်ရင်း ၉ ထံ အလင်းဝင်
မတ် ၂၀
The Kaladan Post
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း မတ်လ ၁၉ ရက်နေ့က အကြမ်းဖက်စစ်တပ်၏ ခမရ-၃၅၀ တပ်ရင်း သံဆိပ်စခန်းတွင် တာဝန်ကျနေသော စစ်မှုထမ်း တပ်သားသစ် ၃ ဦး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။ အလင်းဝင်လာသူများမှာ အသက် ၃၄ နှစ်အရွယ် မောင်မင်းထက်၊ အသက် ၂၈ နှစ်အရွယ် မောင်ဖိုးသဲနှင့် အသက် ၁၈ နှစ်အရွယ် မောင်ဖိုးသား တို့ ဖြစ်ပြီး၊ သူတို့အားလုံး ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူများ ဖြစ်ကြောင်း သိရသည်။ အလားတူ မတ်လ ၁၆ ရက်နေ့ကလည်း ခလရ ၆၀ တပ်ရင်းမှ အသက် ၂၇ နှစ်အရွယ် စစ်မှုထမ်း တပ်သားသစ် စောအယ်မေစေး တစ်ဦး လက်နက်ချ၍ KNLA တပ်ရင်း ၉ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။ သူလည်း ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ဖြစ်သည်။ ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသော တပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်ကြရန် အချိန်မရွေး တိုက်တွန်း ကေအဲန်ယူ-KNU က ပြောဆိုထားသည်။

အထွေထွေထိုးစစ်ဆင်နွှဲရေး အားကောင်းရန် မတ္တရာမျိုးမှန်တပ်ဖွဲ့ MOD နှင့် တရာဝင်ပူးပေါင်း
မတ် ၂၀
The Kaladan Post
အထွေထွေထိုးစစ်ဆင်နွှဲရာတွင် တပ်ဖွဲ့များ ကွဲပြားမှုဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်သောကြောင့် တစ်ခု တည်းသော ကွပ်ကဲမှု၊ တစ်ခုတည်းသော ဦးတည်ချက်နှင့် စုစည်းညီညွတ်သော အားထုတ်မှုများ ရှိရန် လိုအပ်သည့်အတွက် မတ္တရာမျိုးမှန်တပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဆင့်ကဲ ကွပ်ကဲမှုစနစ်အတွင်း တရားဝင် ဝင်ရောက်ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့ရာ အဖွဲ့ခေါင်းဆောင်များက တော်လှန်ရေးအကျိုးကျေးဇူးကို ရှေးရှုပြီး လက်ခံသဘောတူခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။ မတ္တရာမျိုးမှန်တပ်ဖွဲ့သည် ရှမ်းမန်း စစ်ဆင်ရေး၊ ရှမ်းမန်း စစ်ဆင်ရေးအလွန် ခုခံစစ်များတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ PDF တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများနှင့် အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်ပြီး ယခုအခါ PDF တပ်ရင်း၊ တပ်ဖွဲ့များအဖြစ် ကွပ်ကဲမှုခံယူကာ ဆက်လက် တော်လှန်တိုက်ပွဲ ဝင်ရောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။ ထို့ပြင် ကွပ်ကဲမှုအောက် မရောက်ရှိသေးသော ဒေသကာကွယ်ရေးအဖွဲ့များကိုလည်း ဆက်လက် စည်းရုံးဖိတ်ခေါ်နေပြီး ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်နိုင်ရေး အစဉ်အမြဲ ကြိုဆိုလျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

စလင်းမြို့နယ်တွင် သုံးလကြာ အထိုင်ချထားသော စစ်တပ် တိုက်ခိုက်ခံရပြီး စခန်းမှထွက်ခွာ
မတ် ၂၀
The Kaladan Post
မကွေးတိုင်း၊ စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက လျှပ်စစ်မီးတိုင်များ ပြုပြင်ရန်ဟူ၍ အင်အား ၃၀၀ ခန့်ဖြင့် သုံးလကြာ အထိုင်ချခဲ့သော စစ်ကောင်စီ စစ်ကြောင်း (ပခုက္ကူ တပ်မ ၁၀၁ မှ) သည် မတ်လ ၁၆ ရက်တွင် ပြန်လည်ဆုတ်ခွာခဲ့ရာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ကြောင်း စလင်းမြို့နယ် ပကဖ က ပြောဆိုသည်။ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဇုန် (၃)၊ မင်းဘူးခရိုင် တပ်ရင်း (၁)၊ Ayar Brother LPDF နှင့် အခြား ပူးပေါင်းအဖွဲ့များက လက်နက်ကြီးများဖြင့် အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်တွင် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းမတိုင်မီ ဖေဖော်ဝါရီ ၁၇ ရက်က ရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ်လည်း ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ကြာ ဖြစ်ပွားပြီး မိုင်းနင်းမှုများကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု ပကဖ စလင်းက ပြောဆိုသည်။ ထို့နောက် နယ်မြေရှင်းလင်းရေးအတွင်း စစ်ကောင်စီ ထောင်ထားသော ခြေနင်းမိုင်း ၃၀ ခန့်ကို တူးဖော်ရမိခဲ့ပြီး ရွာခံများ၏ ပစ္စည်းများ ခိုးယူသုံးစွဲထားမှု၊ ကြက်ဝက်များ ဖမ်းဆီးစားသောက်မှု၊ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ပစ်ခဲ့မှုတို့ကို တွေ့ရှိခဲ့ကြောင်း စလင်းပကဖက ထုတ်ပြန်သည်။ ဆုတ်ခွာချိန်တွင် ရွာသို့ ပြန်ဝင်လာသော ရွာခံတစ်ဦး မိုင်းထိခဲ့ပြီး မကွေးဆေးရုံတွင် ကုသခံယူနေရကာ ရွာအတွင်း ဝင်ရောက်ခွင့်ကို ယခုအချိန်ထိ ကန့်သတ်ထားဆဲဖြစ်သည်။ မီးတိုင်များသာ စိုက်ပြီး မီးကြိုးများ မတပ်ဆင်ရသေးသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ နောက်တစ်ကြိမ် ပြန်လာနိုင်မှုကို ဒေသခံများ စိုးရိမ်နေကြသည်။
အာရက္ခတပ်တော် (AA) က စစ်ကောင်စီ စစ်သုံ့ပန်းအချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
မတ် ၂၀
The Kaladan Post
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်စစ်သုံ့ပန်း အချို့ကို အာရက္ခတပ်တော် (AA) က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း မတ်လ ၂၀ ရက်၊ ၂၀၂၆ တွင် ထုတ်ပြန်ခဲ့သည်။ လွတ်မြောက်လာသူများမှာ ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်က ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာ အနီးတွင် စစ်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသော စစ်သုံ့ပန်းနှင့် မိသားစုဝင်များထဲမှ အချို့ ဖြစ်ကြောင်းသိရသည်။ ထိုအချိန်က ဗုံးကြဲမှုကြောင့် သေဆုံးဒဏ်ရာရသူများရှိခဲ့ပြီး AA က ယာယီထားရှိကာ မကြာမီ ပြန်လွှတ်ပေးရန် စီစဉ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။ လွတ်ငြိမ်းချမ်းသာခွင့် အခမ်းအနားကို AA ၏ အာလဖာ (၁) စစ်ဒေသတွင် ကျင်းပခဲ့ပြီး လွတ်မြောက်လာသူများအရေအတွက်ကို အတိအကျ ဖော်ပြမထားပေ။ စစ်သုံ့ပန်းမိသားစုဝင်တစ်ဦးဖြစ်သော မမေသဇင်ဝင်း က “ဗုံးကြဲတိုက်ခိုက်မှုကြောင့် အားလုံး ကြောက်လန့်တုန်လှုပ်ခဲ့ကြပြီး အိမ်ပြန်ရန် မျှော်လင့်ချက်မဲ့လာခဲ့ကြသော်လည်း AA တပ်ဖွဲ့ဝင်များက ဘေးကင်းရာ နေရာသို့ ခေါ်ဆောင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း” အခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့အပြင် မကြာသေးမီက မတ်လ ၈ ရက်တွင် အမ်းမြို့နယ် ဒါးလက်ချောင်း ဒေသ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၄ စီး၊ Y-12 လေယာဉ် ၄ စီးဖြင့် သုံးနာရီခွဲကျော် လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။

ရန်သူ-မိတ်ဆွေကို ရှင်းလင်းစွာ ခွဲခြားကာ ညီညွတ်စွာ လက်တွဲတိုက်ပွဲဝင်ကြရန် CNF တိုက်တွန်း
မတ် ၂၀
The Kaladan Post
၃၈ နှစ်မြောက် ချင်းတော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် အရွယ်ရောက်ပြီးသူ ချင်းအမျိုးသား ပြည်သူတစ်ရပ်လုံး အနေဖြင့် အမျိုးသားရေးအသိနှင့် တာဝန်ယူမှုဖြင့် ချင်းတော်လှန်ရေးတွင် စစ်မှုထမ်းရန် ချင်းအမျိုးသားတပ်ဦး (CNF) က ယနေ့ မတ်လ ၂၀ ရက်နေ့တွင် တိုက်တွန်းထားသည်။ လက်ရှိ အချိန်သည် ချင်းတော်လှန်ရေး အင်အားစုများ စစ်ရေး၊ နိုင်ငံရေး အင်အားကို ပိုမိုစုစည်းခိုင်မာ စေရန်နှင့် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲရမည့် အရေးကြီးအချိန်ကာလ ဖြစ်သည် ဟု ဆိုသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးများအနေဖြင့် စစ်မြေပြင်တွင် နေ့စဉ်တိုက်ပွဲဝင် နေသော ရဲဘော်ရဲမေများ၊ အသက်ပေးလှူခဲ့သော အာဇာနည်များကို အောက်မေ့ဂါရဝပြုရင်း တော်လှန်ရေးပန်းတိုင်သို့ အမြန်ရောက်ရှိရေးအတွက် လူအင်အား၊ ဓနအင်အား ပိုမိုပါဝင်စိုက်ထုတ်ရန် နှိုးဆော်ထားသည်။ ထို့ပြင် အာဏာသိမ်းစစ်အုပ်စုအား တရားမဝင်ရွေးကောက်ပွဲဖြင့် အတုအယောင် လွှတ်တော်နှင့် အစိုးရဖွဲ့စည်းကာ အာဏာတည်မြဲရေး ကြိုးပမ်းနေမှုကို သတိပြုရန်နှင့် ရန်သူ-မိတ်ဆွေ ကို ရှင်းလင်းစွာ ခွဲခြားကာ ညီညွတ်စွာ လက်တွဲတိုက်ပွဲဝင်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ ၃၈ နှစ်တာ ချင်းတော်လှန်ရေးကာလအတွင်း အသက်ပေးလှူခဲ့သော သူရဲကောင်းအာဇာနည်များနှင့် ကိုယ် အင်္ဂါ အစိတ်အပိုင်းပေးလှူခဲ့သော ရဲဘော်ရဲမေများကို ဂုဏ်ပြုဦးညွတ်ဂါရဝပြုကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။ ချင်းပြည်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပခဲ့ သော Defense Coordination Team (TDC) ပထမအကြိမ်အစည်းအဝေးတွင် ချင်းပြည်နယ်အတွင်း အရွယ်ရောက်ပြီးသူများမှ ချင်းပြည်တပ်ပေါင်းစုအတွက် တပ်သားသစ်များ စုဆောင်းရန် ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။ ချင်းလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆက်လက်မြှင့်တင်ရန် ရည်ရွယ်ထား ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ချင်းပြည်နယ်တွင် စစ်တပ် ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပစဉ် ပစ်ခတ်မှုဖြစ်ပွား
မတ် ၂၀
The Kaladan Post
ချင်းပြည်နယ် ဟားခါး၊ ချင်းဦးစီးရပ်ကွက်ရှိ ပြည်နယ်လွှတ်တော် အဆောက်အအုံတွင် စစ်တပ်၏ ပြည်နယ်လွှတ်တော် အစည်းအဝေး စတင်ကျင်းပရန် ပြင်ဆင်နေစဉ် ပေါက်ကွဲသံများနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက သိရသည်။ တိုက်ခိုက်မှုအပြီး စစ်ကောင်စီ တပ်ဖွဲ့များက အင်အားအများအပြားဖြင့် ရောက်ရှိလာ၍ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သည်။ ထို့နောက် နံနက် ၁၀ နာရီခန့်တွင် အစည်းအဝေးကို ဆက်လက် ကျင်းပခဲ့ပြီး ဟားခါးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာဝုန်ဆွန်းထန်ကို သဘာပတိ၊ ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ကောလ်လျန်ထန်းကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ထန်တလန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ သန့်စင်ဦးကို ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်ထိ ပစ်ခတ်မှုအတွင်း ထိခိုက်မှုအသေးစိတ် အတိအကျမသိ ထပ်မံထုတ်ပြန်ပေးမည်ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

ဖရူဆိုမြို့နယ် ထားလဲ-နန်းဖဲ လမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး
မတ် ၂၀
The Kaladan Post
ဖရူဆိုမြို့နယ် ထားလဲ-နန်းဖဲ လမ်းပိုင်းတွင် စစ်ကြောင်းထိုးလုံခြုံရေးယူနေသော စစ်ကောင်စီ တပ်ဖွဲ့ကို မတ်လ ၁၇ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး လက်နက်ငယ် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ မတ်လ ၂၀ ရက်နေ့တွင် အသိပေးလားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ထိခိုက်မှု များပြားသဖြင့် ဖရိုဖရဲ ဆုတ်ခွာသွားခဲ့သည်ဟု KNDF က ပြောဆိုသည်။ ထို့အပြင် ဖေဖော်ဝါရီ ၂၇ ရက်ကလည်း နန်းဖဲရွာအနီး စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီသည် ရှမ်းပြည်နယ်တောင်ပိုင်းမှ စတင်သော ရန်နိုင်မင်း စစ်ဆင်ရေးဖြင့် ဖရူဆို-ဘောလခဲ-ဖားဆောင်း ဒေသသို့ စစ်ကြောင်းထိုးကာ လမ်းကြောင်း တလျှောက် မြို့များကို ထိန်းချုပ်နိုင်ပြီဟု တစ်ဖက်သပ် ကြွေးကြော်နေသော်လည်း မြေပြင်စစ်ကြောင်း များ ချေမှုန်းခံရခြင်း၊ ယာဉ်တန်းများ ဖျက်ဆီးခံရခြင်းတို့ကြောင့် တပ်သားများ ထိခိုက်သေဆုံးမှု များပြားနေကြောင်း KNDF က ဆိုသည်။ ထိခိုက်သေဆုံးမှု များပြားနေသည့် စစ်တပ်က လေကြောင်းမှ အရပ်သားပြည်သူများ၏ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးသတိပြုရန် KNDF က တိုက်တွန်းထားသည်။

မဟာလေးထပ်ဘုန်းကြီးကျောင်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး ၂၀ ခန့် သေဆုံး
မတ် ၂၀
The Kaladan Post
စစ်ကိုင်းတိုင်း ကသာမြို့ ရပ်ကွက်(၃) ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို မတ်လ ၂၀ ရက် နံနက် ၁၁ နာရီခန့်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက သိရ သည်။ ထိုကျောင်းတွင် စစ်ဘေးရှောင် ပြည်သူ ဦးရေ ၁၀၀ ခန့် ခိုလှုံနေခဲ့ပြီး ဗုံးကြဲမှုကြောင့် ရဟန်းသံဃာများနှင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကာ လေးထပ်ကျောင်းဆောင်ကြီး တစ်ခုလုံး မီးလောင်ကျွမ်းသွားပြီး အခြားကျောင်းဆောင်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ ဆွမ်းစားချိန်ကြီး တိုက်ခိုက်ခံတာဖြစ်ပြီး ရဟန်းသံဃာတွေ အပါအဝင် ပြည်သူတွေ သေဆုံးသူ အခုလောလောဆယ် သေဆုံး ၂၀ လောက်လို့ ကြားသိရကြောင်း ဘုန်းကြီးတွေကို ဆွမ်းကပ်နေတဲ့ ဒကာမတွေ အခုထိ ရှာမတွေ့သေးကြောင်း Indaw Revolution – IR က ပြောဆိုသည်။ လက်ရှိ အချိန်ထိ သေဆုံးနှင့် ဒဏ်ရာရရှိသူ အရေအတွက်ကို အတိအကျ အတည်မပြုနိုင်သေးဘဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်များ အပါအဝင် အရပ်သားများ ထိခိုက်သေဆုံးမှု များပြားလာနေကြောင်း ဒေသတွင်း အချက်အလက်များအရ သိရသည်။

မြန်မာ့လေကြောင်းလိုင်း ခရီးစဉ်များ ဖျက်သိမ်းမှုများလာပြီး အရပ်သားလေကြောင်း တိုက်ခိုက်မှုတိုးလာ
မတ် ၂၀
The Kaladan Post
အီရန်နှင့် အစ္စရေး-အမေရိကန်တို့၏ ပဋိပက္ခများကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ရေနံတင်သင်္ဘောများ ဖြတ်သန်းမှု ခက်ခဲလာပြီး ကမ္ဘာ့လေယာဉ်ဆီ ရရှိမှု ရှားပါးလာကာ ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာနေသည်။ ထိုအကျိုးသက်ရောက်မှုကြောင့် ပြည်တွင်း အကြီးဆုံး လေကြောင်းလိုင်း ဖြစ်သော မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) သည် ရန်ကုန်-မော်လမြိုင် ခရီးစဉ်များကို မတ်လ ၂၃ ရက်မှ စတင်ဖျက်သိမ်းမည်ဖြစ်ကြောင်း ယနေ့ အီးမေးလ်ဖြင့် ခရီးသည်များထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။ လက်မှတ်ဖြတ်ထားသူများကို တစ်ဦးချင်း အကြောင်းကြားပြီး လက်မှတ်ခများကို ငွေပြန်အမ်းပေးမည်ဖြစ်သော်လည်း ခရီးစဉ်များ ပြန်လည် ပြေးဆွဲမည့် အချိန်ကို မသိရှိရသေးကြောင်း လက်မှတ်ရောင်းချရေး ဌာန ဝန်ထမ်းတစ်ဦးက ပြောဆို သည်။ လေယာဉ်ဆီ ရရှိမှု ခက်ခဲလာခြင်းနှင့် ဈေးနှုန်း မြင့်တက်မှုကြောင့် လေယာဉ်လက်မှတ်ခများ လည်း မြှင့်တက်လာနေပြီး MNA နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) တို့က မတ်လ ၁၉ ရက်တွင် ခရီးသည်ပစ္စည်း အလေးချိန် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။ စစ်တပ်က မတ်လ ၃ ရက်တွင် ရေနံသင်္ဘောများ ပိတ်ဆို့မှုကြောင့်ဟု ဆိုကာ စက်သုံးဆီ ချွေတာရေး အစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီး အရပ်သားပြည်သူများအတွက် ဆီရရှိမှု ပိုမိုခက်ခဲလာနေသည်။
ထိုအချိန်တွင်ပင် စစ်ကောင်စီ လေတပ်က အရပ်သားပြည်သူများကို လေကြောင်းဖြင့် တိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပြီး စစ်ကိုင်းတိုင်း ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် စစ်ဘေးရှောင်နှင့် ရဟန်းသံဃာများ ၂၀ ခန့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ထို့အပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်စံပြရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ လက်ရှိ ကမ္ဘာ့ရေနံပြတ်လပ်မှုက စစ်ကောင်စီ၏ လေယာဉ်ဆီ ထောက်ပံ့မှုကိုပါ ထိခိုက်လာနိုင်သော်လည်း အရပ်သားများအပေါ် လေကြောင်း တိုက်ခိုက်မှုများ မလျော့နည်းသေးကြောင်း တွေ့ရှိရသည်။

