စက်တင် ၁၄၊ ၂၀၂၆
The Kaladan Post
ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း သည် “တရားမဝင် လှုပ်ရှားမှုများ” ပြုလုပ်နေသည်ဟုဆိုကာ ၎င်း၏ အဆင့်အတန်းကို ရုပ်သိမ်းပယ်ဖျက်လိုက်ကြောင်းနှင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာ စစ်ကောင်စီက စက်တင်ဘာလ ၁၃ ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်လိုက်ပါတယ်။
ဦးကျော်မိုးထွန်း သည် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီး ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများက ထုတ်ပြန်ထားပါတယ်။ ၎င်းသည် အာဏာသိမ်းမှုကို နိုင်ငံတကာက အသိအမှတ်မပြုရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုလသမဂ္ဂ၌ ထုတ်ဖော် တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။
စစ်ကောင်စီ အာဏာပိုင်များက ဦးကျော်မိုးထွန်း အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်နေစဉ် နိုင်ငံပိုင် ပစ္စည်းများနှင့် သံရုံး ရန်ပုံငွေများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့သည်ဟု စွပ်စွဲထားပါတယ်။ ထို့အပြင် ၎င်းအား တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် အင်တာပိုလ် (INTERPOL)၊ အမေရိကန် အေဂျင်စီများနှင့် သံတမန်ရေး လမ်းကြောင်းများမှတစ်ဆင့် ဆောင်ရွက်နေကြောင်း စစ်ကောင်စီက ဆိုပါတယ်။
ကုလသမဂ္ဂ အရည်အချင်းစစ် ကော်မတီက မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားခဲ့သောကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း အနေဖြင့် ၎င်း၏ ရာထူးကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီလိုလားသော အဖွဲ့များနှင့် NUG တို့၏ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှုများကလည်း ၎င်း၏ နေရာကို ထိန်းသိမ်းထားနိုင်ရန် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
ယခုလနှောင်းပိုင်းတွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အပြီးတွင် အရည်အချင်းစစ် ကော်မတီက တွေ့ဆုံ ဆွေးနွေးဖွယ်ရှိပြီး ကိုယ်စားပြုမှုဆိုင်ရာ အငြင်းပွားမှုများကို ဆွေးနွေးနိုင်ခြေ ရှိနေပါတယ်။
Source – Reuters