ဇူလိုင် ၁၃၊ ၂၀၂၆

The Kaladan Post

အစ္စရေးနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ရဲ့ အစိုးရညွန့်ပေါင်းအဖွဲ့က တနင်္ဂနွေနေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ် ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုအပြီး ဂါဇာ၊ လက်ဘနွန်နဲ့ အီရန်တို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက အစ္စရေးလွှတ်တော်ကို ဖျက်သိမ်းဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြတာကြောင့် ရွေးကောက်ပွဲကို အချိန်စောပြီး ကျင်းပမလားဆိုတဲ့ မရေရာမှုတွေ ရှိနေခဲ့ပေမဲ့ အခုတော့ မူလသတ်မှတ်ထားတဲ့ ရက်စွဲအတိုင်းပဲ ကျင်းပဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အစိုးရညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် Ofir Katz က လွှတ်တော်ကော်မတီတစ်ခုမှာ “ဥပဒေအရ မူလသတ်မှတ်ထားတဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ ရွေးကောက်ပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ လူထုစစ်တမ်းတွေအရတော့ ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အမျိုးသားရေးဝါဒီနဲ့ ဘာသာရေးပါတီတွေ ပေါင်းစည်းထားတဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ရှုံးနိမ့်နိုင်ခြေရှိတယ်လို့ ပြသနေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အတိုက်အခံ နိုင်ငံရေးသမားတွေကြားမှာ ဘယ်သူက အာဏာရလာမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဝန်ကြီးချုပ် နေတန်ယာဟုဟာ အစ္စရေးသမိုင်းမှာ သက်တမ်းအရှည်ဆုံး အုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင်ဖြစ်သလို နိုင်ငံရေးအရ အကြိမ်ကြိမ် အသက်ဆက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့ရဲ့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့တာကြောင့် ၎င်းရဲ့ လုံခြုံရေးဆိုင်ရာ ဂုဏ်သတင်းဟာ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ ဒါ့အပြင် အီရန်နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲရဲ့ ရလဒ်တွေအပေါ်မှာလည်း အစ္စရေးပြည်သူ အတော်များများက မကျေမနပ် ဖြစ်နေကြတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ အစ္စရေးနိုင်ငံရေးမှာ အစိုးရတစ်ရပ်အနေနဲ့ ၄ နှစ် သက်တမ်းပြည့်အောင် အုပ်ချုပ်နိုင်ဖို့ဟာ ခဲယဉ်းလေ့ရှိပေမဲ့ အခုရွေးကောက်ပွဲကနေ နေတန်ယာဟု ထပ်မံ အာဏာတည်မြဲမလား ဒါမှမဟုတ် အပြောင်းအလဲတစ်ခု ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သတင်း Source: Reuters