ဩဂုတ် ၂၆၊ ၂၀၂၆
The Kaladan Post
လာမည့် စက်တင်ဘာလအတွင်း ဂျပန်နိုင်ငံ၌ ကျင်းပမည့် အာရှ အားကစားပြိုင်ပွဲသို့ အားကစားနည်း ၁၄ မျိုးတွင် ယှဉ်ပြိုင်ရန် အားကစားသမား ၁၀၀ ခန့် စေလွှတ်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူးက ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယား အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး ဂိုချောဟို (Ko Chol Ho) က ယခုအကြိမ် အဖွဲ့သည် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ ဟန်ကျိုး အာရှအားကစားပြိုင်ပွဲကထက် ဆုတံဆိပ် ပိုမို ရရှိရန် မျှော်လင့်ကြောင်း Choson Sinbo သတင်းစာသို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့သည့် ဟန်ကျိုး ပြိုင်ပွဲတွင် မြောက်ကိုရီးယားသည် အားကစားသမား ၁၈၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၁၈ ခုနှင့် ကြေးတံဆိပ် ၁၀ ခု ရရှိခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားသည် ကပ်ရောဂါ ကာလအတွင်း နိုင်ငံတကာ အားကစားပြိုင်ပွဲများ သွားရောက်မှုကို ကန့်သတ်ခဲ့သဖြင့် ၂၀၂၁ တိုကျို အိုလံပစ်နှင့် ၂၀၂၂၊ ၂၀၂၆ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲများတွင် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ အကြိမ် ၂၀ မြောက် အာရှ အားကစားပြိုင်ပွဲကို ဂျပန်နိုင်ငံ နာဂိုယာ (Nagoya) မြို့နှင့် အိုင်ချီ (Aichi) ပြည်နယ်တို့တွင် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံမှ အားကစားသမား ၁၁,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပါတယ်။
Source – Reuters