စက်တင် ၁၅၊ ၂၀၂၆

The Kaladan Post

ဆော်ဒီအာရေးဗီးယား၏ အရှေ့-အနောက် ရေနံပိုက်လိုင်း တိုက်ခိုက်ခံရပြီး လည်ပတ်မှု ရပ်ဆိုင်းသွားခြင်းနှင့် တိုက်ခိုက်မှု အသစ်များကြောင့် စက်တင်ဘာလ ၁၅ ရက် အင်္ဂါနေ့တွင် ကမ္ဘာ့ရေနံစိမ်း စျေးနှုန်းများ ဆက်လက် မြင့်တက်လာပါတယ်။

ဘရန့် (Brent) ရေနံစိမ်း စျေးနှုန်းသည် ၁.၃ ရာခိုင်နှုန်း (၁.၃၇ ဒေါ်လာ) မြင့်တက်ကာ တစ်ဘီပါလျှင် ၁၀၇.၀၅ ဒေါ်လာ ဖြစ်လာခဲ့ပြီး အမေရိကန် WTI ရေနံစိမ်းမှာလည်း ၁.၅၁ ရာခိုင်နှုန်း (၁.၅၃ ဒေါ်လာ) မြင့်တက်ကာ ၁၀၂.၉၂ ဒေါ်လာသို့ ရောက်ရှိခဲ့ပါတယ်။ ယီမင် ဟူသီလက်နက်ကိုင်များကလည်း ဆော်ဒီတောင်ပိုင်းရှိ ခါမစ်ရှ်မူရှာအစ် (Khamis Mushait) စစ်ဘက်လေဆိပ်ကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ လေယာဉ်ရုံများ၊ ရေဒါစနစ်များနှင့် ခဲယမ်းတိုက်များ ထိခိုက်ခဲ့ပါတယ်။

သောကြာနေ့က တိုက်ခိုက်ခံခဲ့ရသည့် ဆော်ဒီ၏ အရှေ့-အနောက် ပိုက်လိုင်းသည် ဟော်မုဇ် ရေလက်ကြားကို ကျော်လွှား၍ ပင်လယ်နီရှိ ယန်ဘူ (Yanbu) ဆိပ်ကမ်းသို့ တစ်ရက်လျှင် စည်ပိုင်း ၄ သန်းခန့် တင်ပို့ပေးနေသည့် အဓိက လမ်းကြောင်း ဖြစ်ပါတယ်။ အဆိုပါ ပိုက်လိုင်း လည်ပတ်မှုကို အမြန်ဆုံး ပြန်လည်မစတင်နိုင်ပါက ဆော်ဒီအနေဖြင့် ပြည်ပသို့ တင်ပို့မည့် ရေနံများ ရက်ပိုင်းအတွင်း ကုန်ခမ်းသွားနိုင်ပြီး ကမ္ဘာ့ရေနံ ထောက်ပံ့မှု၏ ၄ ရာခိုင်နှုန်းခန့် စျေးကွက်မှ ပျောက်ကွယ်သွားနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။

ဟော်မုဇ် ရေလက်ကြားအတွင်း ကုန်စည်တင် သင်္ဘော ဖြတ်သန်းသွားလာမှုမှာလည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က တစ်ရက်လျှင် ၁၀ စီးအောက်သို့ ကျဆင်းသွားခဲ့ပါတယ်။ KCM Trade မှ အကြီးတန်း ဈေးကွက် လေ့လာဆန်းစစ်သူ တင်မ်ဝါတာရာ (Tim Waterer) က “ရေနံကုန်သည်တွေဟာ တိုက်ခိုက်မှုအသစ်တိုင်းနဲ့ အဆောက်အအုံ ထိခိုက်မှုတိုင်းကို ရေနံထောက်ပံ့မှုဆိုင်ရာ စွန့်စားရမှုတွေအဖြစ် ရှုမြင်နေကြပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

ING ဘဏ်မှ လေ့လာသုံးသပ်သူများကလည်း ဆော်ဒီ ပိုက်လိုင်း ထိခိုက်မှုနှင့် ရပ်ဆိုင်းမည့် ကာလနှင့် ပတ်သက်၍ မရေရာမှုများ ရှိနေဆဲဖြစ်သဖြင့် ရေနံဈေးနှုန်းများ ဆက်လက် မြင့်တက်နေနိုင်ကြောင်း သုံးသပ်ထားပါတယ်။ သီးခြားအနေဖြင့် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး က စွမ်းအင် အဆောက်အအုံများအပေါ် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အမေရိကန်၏ အဆိုပြုချက်ကို ရုရှားက စစ်ပွဲ အမှန်တကယ် အဆုံးသတ်မည်ဆိုပါက ထောက်ခံရန် အသင့်ရှိကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။

Source – Reuters