စက်တင် ၁၅၊ ၂၀၂၆
The Kaladan Post
အရှေ့တောင်အာရှ ဒေသတွင်း မြင့်တက်လာနေသည့် သဘာဝဘေးအန္တရာယ်များကို ပူးပေါင်း ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပမည် ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမှုအောက်တွင် ကျင်းပသည့် အဆိုပါ ညီလာခံသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အရာရှိကြီးများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ကြမည် ဖြစ်ပါတယ်။ ညီလာခံကို အာဆီယံ သဘာဝဘေး စီမံခန့်ခွဲမှုနှင့် အရေးပေါ် တုံ့ပြန်ရေး သဘောတူညီချက် (AADMER) နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်ပါတယ်။
ရာသီဥတု ဖောက်ပြန်မှု၊ မြို့ပြဖွံ့ဖြိုးမှု မြန်ဆန်လာခြင်းတို့ကြောင့် အရှေ့တောင်အာရှ ဒေသသည် မုန်တိုင်း၊ ရေကြီးမှု၊ မြေငလျင်နှင့် မိုးခေါင်မှု စသည့် ဘေးအန္တရာယ်များကို ပိုမို ရင်ဆိုင်နေရပါတယ်။ လူဦးရေ ၆၇၀ သန်းကျော်ရှိပြီး ဂျီဒီပီ ဒေါ်လာ ၃.၆ ထရီလီယံကျော်ရှိသည့် အာဆီယံဒေသတွင် သဘာဝဘေးကြောင့် ကုန်သွယ်ရေးနှင့် ထုတ်လုပ်မှု ကွင်းဆက်များ ပြတ်တောက်နိုင်သဖြင့် ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရန် အရေးကြီးကြောင်း ဖိလစ်ပိုင် အာဆီယံက ထုတ်ပြန်ထားပါတယ်။
နှစ်ရက်ကြာ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲတွင် ဘေးအန္တရာယ် လျှော့ချရေး၊ ကြိုတင်သတိပေး စနစ်များ၊ အရေးပေါ် တုံ့ပြန်ရေးနှင့် ရန်ပုံငွေ ရှာဖွေရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ပါတယ်။ ညီလာခံ အပြီးတွင် ၂၀၃၀ ပြည့်နှစ်နှင့် နောက်ပိုင်း အာဆီယံ သဘာဝဘေး ကြံ့ကြံ့ခံနိုင်ရေး မူဘောင်ဆိုင်ရာ မနီလာ ကြေညာချက်ကို အတည်ပြု ထုတ်ပြန်သွားရန် မျှော်လင့်ရပါတယ်။
အဆိုပါ ညီလာခံတွင် ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီယိုဒိုရို ဂျူနီယာ (Gilberto Teodoro Jr.) နှင့် အာဆီယံ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးစန်းလွင် အပါအဝင် ထိပ်တန်း တာဝန်ရှိသူများက မိန့်ခွန်းပြောကြားကြမည် ဖြစ်ပါတယ်။ ယခု ညီလာခံမှ ထွက်ပေါ်လာသည့် ရလဒ်များကို လာမည့် နိုဝင်ဘာလတွင် မနီလာ၌ ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြ ဆွေးနွေးသွားမည် ဖြစ်ပါတယ်။
Source – ABS-CBN News