ရခိုင်ပြည်နယ် ရေဘေးသင့်ပြည်သူများကို ULA/AA နှင့် စောမဲကျီဖောင်ဒေးရှင်းက ရိက္ခာများ ပံ့ပို့
ဇူလိုင် ၁၄
The Kaladan Post
ရခိုင်ပြည်နယ် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒဏ်ကြုံတွေ့နေသော ပြည်သူများကို ULA/AA နှင့် စောမဲကျီဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဆန်နှင့် အရေးပေါ်စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။
ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် ကျောက်တော်မြို့နယ်ရှိ စိန်ခြုံ၊ ရွာမပြင်၊ ကြာညိုအင်းနှင့် ပြိုင်းချောင်းကျေးရွာများအပါအဝင် ဒေသအများအပြားမှ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်ဆောင်ရွက် ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထောက်ပံ့မှုများတွင် ဆန်၊ စားဆီ၊ ငါးခြောက်နှင့် အခြားမရှိမဖြစ်လိုအပ်သော ပစ္စည်းများ ပါဝင်ခဲ့ပြီး ရေဘေးသင့်မိသားစုများ၏ အခြေခံစားဝတ်နေရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ဆောင်ရွက် ခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် ပလက်ဝခရိုင်အတွင်း ရေဘေးသင့်ပြည်သူများကိုလည်း စားနပ်ရိက္ခာ၊ အမျိုးသမီးအသုံး အဆောင်ပစ္စည်းများ၊ မိုးကာများနှင့် အခက်အခဲရှိသော အိမ်ထောင်စုများအား တစ်စုလျှင် ငွေကျပ် ၅ သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
ULA/AA က ရေဘေးဒဏ်ခံစားနေရသော အာရက္ခပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို လိုအပ်သည့်နေရာများတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားပါတယ်။
#ရေဘေးကယ်ဆယ်ရေး#ကျောက်တော်မြို့နယ်#မြောက်ဦးမြို့နယ်#ULA_AA#အာရက္ခပြည်

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုအကျပ်အတည်း ဆိုးရွားနေပြီး အရေးပေါ်ပံ့ပိုးရန် နိုင်ငံတကာကို OCHA တိုက်တွန်း
ဇူလိုင် ၁၄
The Kaladan Post
မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုအကျပ်အတည်း ကြုံတွေ့နေရသည့် နိုင်ငံများ အနက် တစ်နိုင်ငံအဖြစ် ဆက်လက်ရှိနေပြီး ပြည်သူ ၁၆ သန်းကျော်မှာ အရေးပေါ်လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့က အသိပေး ထုတ်ပြန်ထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၃ ဒသမ ၈ သန်းနီးပါး အထိ မြင့်တက်လာခြင်းနှင့် အကူအညီပေးရေးအဖွဲ့များ၏ သွားလာခွင့်ကန့်သတ်ခံရခြင်းတို့ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ပိုမိုဆိုးရွားလာနေကြောင်း ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ် မတ်လကုန်အထိ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူများအနက် ပြည်သူ ၁ ဒသမ ၆ သန်းထံ အကူအညီများ ရောက်ရှိခဲ့သော်လည်း လိုအပ်နေသူအများစုမှာ အကူအညီမရရှိသေး ကြောင်း OCHA က ဆိုထားပါတယ်။
ထို့ပြင် တိုက်ပွဲများ၊ ခရီးသွားလာခွင့်ကန့်သတ်ချက်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးများ ကြောင့် အကူအညီပေးရေးလုပ်ငန်းများ ဆက်လက်ခက်ခဲနေပြီး ထိခိုက်လွယ်ပြည်သူများထံ အကူအညီများ လုံခြုံစွာရောက်ရှိရေးမှာ အရေးတကြီးလိုအပ်နေကြောင်း အလေးပေး ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွက် ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုအစီအစဉ်ကို အကောင်အထည်ဖော်ရန် အမေရိကန် ဒေါ်လာ သန်း ၈၉၀ လိုအပ်နေသော်လည်း လက်ရှိအချိန်တွင် လိုအပ်သည့် ရန်ပုံငွေ၏ ၄၃ ရာခိုင်နှုန်း သာ ရရှိထားသဖြင့် နိုင်ငံတကာအလှူရှင်များ၏ ဆက်လက်ပံ့ပိုးမှု မရှိမဖြစ်လိုအပ်နေကြောင်း OCHA က တိုက်တွန်းထားပါတယ်။
#OCHA#လူသားချင်းစာနာမှု#စစ်ဘေးရှောင်#မြန်မာနိုင်ငံ#မြန်မာသတင်း

မော်လိုက်သို့ စစ်ရေယာဉ် ၂၂ စီး ရောက်ရှိသဖြင့် မြစ်ကမ်းဒေသခံများ စိုးရိမ်နေရ
ဇူလိုင် ၁၄
The Kaladan Post
စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်သို့ စစ်သည်နှင့် လက်နက်ရိက္ခာများ တင်ဆောင်လာသော စစ်ရေယာဉ် ၂၂ စီး ရောက်ရှိလာပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ဖောင်းပြင်နှင့် ဟုမ္မလင်းဘက်သို့ ဆက်လက် ဆန်တက်ရန် စီစဉ်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။
စစ်ရေယာဉ်တန်းသည် လမ်းကြောင်းတစ်လျှောက်ရှိ မြစ်ကမ်းဘေးကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုပြီး ဒေသခံများအကြား လုံခြုံရေး စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရပါတယ်။
သင်္ဘောများပေါ်တွင် ပါရှိလာသည့် စစ်အင်အားနှင့် လက်နက်ရိက္ခာများကို စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်ဘက်သို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်ထားကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုထားပါတယ်။
ဒေသခံများအနေဖြင့် အရေးကြီးပစ္စည်းများကို ကြိုတင်ရွှေ့ပြောင်းထားရန်၊ ကတုတ်ကျင်းများ ပြင်ဆင်ထားရန်နှင့် မြစ်ကမ်းဘေးသို့ သွားရောက်ကြည့်ရှုခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ရှားကြရန် မော်လိုက်ခရိုင် တပ်ရင်း (၃) က သတိပေးထုတ်ပြန်ထားပါတယ်။
မိုးရာသီအတွင်း စစ်ကောင်စီက ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြောင်းများကို အသုံးပြု၍ စစ်အင်အားနှင့် လက်နက်ရိက္ခာများ ပို့ဆောင်လေ့ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကလည်း အဆိုပါ စစ်ရေ ယာဉ်တန်းများကို ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ကြားဖြတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင် နေကြောင်း သိရပါတယ်။
#မော်လိုက်မြို့နယ်#ချင်းတွင်းမြစ်#စစ်ရေယာဉ်တန်း#စစ်ကိုင်းတိုင်း#မြန်မာသတင်း

ကပစ-၂၄ မှ ချင်းတောင်ပိုင်းသို့ အင်အားဖြည့် စစ်တပ် ဆောမြို့နယ်သို့ စစ်ယာဉ်တန်းရောက်ရှိ
ဇူလိုင် ၁၄
The Kaladan Post
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်ဒေသများသို့ စစ်ကူပို့ရန် စစ်ယာဉ်တန်းများနှင့် စစ်ကြောင်းများ ဆောမြို့နယ်အတွင်းသို့ ရောက်ရှိလာပြီး စစ်အင်အားနှင့် ရိက္ခာများကို ဆက်လက် ဖြည့်တင်းနေကြောင်း ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။
ပေါက်မြို့နယ် ကပစ-၂၄ မှ ထွက်ခွာလာသည့် အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းနှင့် အခြား စစ်ယာဉ်တန်းများသည် ကျောက်ထုဘက်သို့ ဦးတည်ရွေ့လျားနေပြီး မင်းတပ်နှင့် ကန်ပက်လက်ဘက် ထိုးစစ်ဆင်ရန် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဆောမြို့နယ် ပုံတောင်နတ်ထိပ်နှင့် တပြင်းကျေးရွာကြားတွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သတင်းရင်း မြစ်များက ဆိုထားပါတယ်။
ကျောက်ထုအမြောက်တပ်ဘက်မှလည်း စစ်ကြောင်းများ အကြိုဖြန့်ကျက်လှုပ်ရှားနေပြီး အဓိကလမ်းကြောင်းများတွင် လုံခြုံရေးတပ်ဖြန့်ထားကြောင်း သိရပါတယ်။
လက်ရှိ မင်းတပ်မြို့နယ်အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ကန်ပက်လက် မြို့နယ်တွင် မြေပြင်တိုက်ပွဲနည်းပါးသော်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွား နေကြောင်း သိရပါတယ်။
မေလလယ်ပိုင်းမှစတင်သည့် ချင်းတောင်ပိုင်းစစ်ဆင်ရေးအတွင်း တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက်ခုခံတိုက်ခိုက်နေပြီး တိုက်ခိုက်မှုများအတွင်း စစ်တပ်ဖက်က ရာချီသေဆုံးသွားသလို ရာချီဒဏ်ရာရရှိခဲ့ကြောင်း ချင်းပြည်သူ့တပ်မတော်က အသိပေးထားပါတယ်။
#ချင်းတောင်ပိုင်း#မင်းတပ်#ကန်ပက်လက်#ဆောမြို့နယ်#မြန်မာသတင်း

ချင်းလည်ဂိတ်စခန်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ပြီး စစ်တပ် ၂ ဦး သေဆုံး
ဇူလိုင် ၁၄
The Kaladan Post
ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ စစ်ကောင်စီ ချင်းလည်ဂိတ်စခန်းကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် ပြည်ခရိုင် ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပေါက်ခေါင်းမြို့နယ် ပကဖနှင့် ပြည်ခရိုင်တပ်ရင်း (၁) တို့ ပူးပေါင်း၍ ရှော့တိုက်ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၂ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိသလို ဘားတိုက်တဲတစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဒရုန်းများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
#ပဲခူးတိုင်း#ပေါက်ခေါင်းမြို့နယ်#ပြည်ခရိုင်ပကဖ#တော်လှန်ရေးသတင်း#မြန်မာသတင်း

လေးကေ့ကော် ဗျူဟာမြောက် ရဲကုန်းနေရာ KNU လက်လွှတ်ရ
ဇူလိုင် ၁၄
The Kaladan Post
မြဝတီမြို့တောင်ဘက်ရှိ KNU ရဲကုန်း (လေးကေ့ကော် ရဲကုန်း) ကို KNLA နှင့် PDF ပူးပေါင်းတပ်များ က စစ်ကောင်စီ၏ အင်အားအလုံးအရင်း ထိုးစစ်နှင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူများကြောင့် ဆုတ်ခွာပေးခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။
ဇူလိုင် ၈ ရက်မှစတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင်လာခဲ့ပြီး တိုက်ပွဲများ အတွင်း လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုမှု အလွန်မြင့်မားခဲ့ကြောင်း သိရပါတယ်။
ရဲကုန်းနေရာသည် လေးကေ့ကော်မြို့သစ်နှင့် စွယ်တော်ကုန်းဒေသများကို ထိန်းချုပ်နိုင်သည့် အရေးပါသော ဗျူဟာမြောက်ကုန်းမြင့်တစ်ခုဖြစ်သလို ကျဆုံးတော်လှန်ရေးရဲဘော်များကို သင်္ဂြိုဟ်ထားသည့် နေရာလည်းဖြစ်ကြောင်း ဆိုပါတယ်။
သို့သော် လက်ရှိအချိန်ထိ အင်ကြင်းမြိုင်၊ ထီးမယ်ဝါးခီးနှင့် ရသေ့ဂူလမ်းကြောင်းများမှ အဓိကတော်လှန်ရေးခံစစ်နေရာများကို စစ်ကောင်စီတပ်က ထိုးဖောက်နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်က ရဲကုန်းနေရာကို ရရှိထားသော်လည်း DKBA နယ်မြေဘက်သို့ ဆက်လက်တိုးချဲ့ရန် တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် နေရာများကို ကျော်ဖြတ်ရဦးမည်ဖြစ်ပြီး ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေပါတယ်။
#မြဝတီ#လေးကေ့ကော်#KNLA#PDF#ကရင်ပြည်နယ်သတင်း

လောင်းလုံးမြို့နယ်ရှိ စစ်တပ် တပ်စွဲနေရာများကို တော်လှန်ရေးပူးပေါင်းတပ် ဆက်တိုက်တိုက်ခိုက်
ဇူလိုင် ၁၄
The Kaladan Post
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း ဇူလိုင်လ ၃ ရက်မှ ၁၀ ရက်အတွင်း စစ်ကောင်စီ စစ်ကြောင်း၊ လောင်းလုံးရဲစခန်း၊ ထွေအုပ်ရုံးနှင့် အခြားတပ်စွဲနေရာများကို ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၀ ရက်တွင် ကြယ်တောင်မှ လေးသွန်းခံကျေးရွာဘက်သို့ ထိုးဆင်းလာသော စစ်ကြောင်းနှင့် တစ်နာရီခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒရုန်းဗုံးများဖြင့် ပူးပေါင်းတိုက်ခိုက်သည့်အပြင် မိုင်းဆွဲ တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ထုတ်ပြန်ချက်အရ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ပြီး စစ်ကြောင်းက တိုက်ပွဲနှင့် မသက်ဆိုင်သည့် ပြည်သူနေအိမ် ၃ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ စစ်ဆင်ရေးများကို လောင်းလုံးမြို့နယ် ပကဖ၊ ထားဝယ်ခရိုင် တပ်ရင်း (၁)၊ သံမဏိလိပ်ပြာ တပ်ခွဲ၊ ကျောင်းသားတော်လှန်ရေးတပ် (SRF) နှင့် အထူးပြောက်ကျားတပ်ဖွဲ့ (SGF) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကို ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
#လောင်းလုံးမြို့နယ်#တနင်္သာရီတိုင်း#ဒရုန်းတိုက်ခိုက်မှု#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့#မြန်မာသတင်း
