တီးတိန်အနီး PDF-Zoland ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်တပ် ၆ ဦးသေဆုံး

ဇူလိုင် ၂၃
The Kaladan Post
ချင်းပြည်နယ် တီးတိန်မြို့နှင့် ကနေဒီတောင်ကြားတွင် ဇူလိုင် ၂၁ ရက်က ချီတက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို PDF-Zoland က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး ဒဏ်ရာရ သူများလည်း ရှိကြောင်း PDF-Zoland က အသိပေးထားပါတယ်။
သေဆုံးသူများအနက် Zomi Revolutionary Army (ZRA-EC) တပ်ဖွဲ့ဝင် ၃ ဦး ပါဝင်ကြောင်း PDF-Zoland က ဆိုထားပြီး ZRA-EC ဘက်ကလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ထားပါတယ်။
PDF-Zoland သည် ကလေး–တီးတိန်လမ်းပိုင်း စိုင်မွာလ်နှင့် ဒင်လို ကျေးရွာအကြားတွင် မြေမြှုပ်မိုင်း၊ လက်နက်ငယ်နှင့် လက်နက်ကြီးများ အသုံးပြု၍ ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြောင်း ZRA-EC ပြောဆို ထားပါတယ်။
ယခုစစ်ဆင်ရေးသည် စစ်ကောင်စီတပ်ဖွဲ့ကို ရည်ရွယ်သည့် စစ်ဆင်ရေးဖြစ်ကြောင်း PDF-Zoland က ထုတ်ပြန်ထားသလို ZRA-EC တပ်ဖွဲ့သည် စစ်တပ်နှင့် ပူးပေါင်းကာ တွန်ဇံမြို့ကို ပြန်လည်သိမ်းယူခဲ့ သည့် တပ်ဖွဲ့လည်း ဖြစ်ပါတယ်။
#PDFZoland#ZRAEC#တီးတိန်#ချင်းပြည်နယ်#မြန်မာသတင်း

ခေါင်လန်ဖူးနယ်စပ် စခန်း ၃ ခု သိမ်းပိုက်ပြီးနောက် စစ်တပ် ရုပ်အလောင်းများကို KIA ပူးပေါင်းတပ် ရှင်းလင်း

ဇူလိုင် ၂၃
The Kaladan Post
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် တရုတ်နယ်စပ်မှတ်တိုင် (၃၀) အနီးရှိ စစ်တပ်၏ ပင်မစခန်းတစ်ခု နှင့် ကာကင်းစခန်းနှစ်ခုကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၁၃ ရက်တွင် တိုက်ခိုက်သိမ်းပိုက် ခဲ့ကြောင်း သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်နက်ကြီးနှင့် လက်နက်ငယ် အလက် ၂၀ ခန့်ကိုလည်း ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ကျန်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရုပ်အလောင်းများကို မသယ်ဆောင်နိုင်ဘဲ စခန်းစွန့်ခွာ၍ မြို့ပေါ်သို့ ဆုတ်ခွာသွားခဲ့သဖြင့် ကျန်ရစ်ခဲ့သော ရုပ်အလောင်း များကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ရှင်းလင်းပေးနေရတယ်လို့ ဒေသသတင်းရင်းမြစ်ကဆိုပါတယ်။
နယ်စပ်ကုန်သွယ်ရေးအရ အရေးပါသည့် ခေါင်လန်ဖူးဒေသတွင် ဇူလိုင် ၁၀ ရက်မှစတင်ကာ နှစ်ဖက် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ပြီး စစ်ရေးတင်းမာမှုများ မြင့်တက်နေကြောင်း ဖော်ပြထားပါတယ်။
လက်ရှိတွင် ခေါင်လန်ဖူးဒေသရှိ နယ်စပ်လုံခြုံရေးနှင့် စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေ ပြီး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားသည့် နယ်မြေများတွင် နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။
#KIA#PDF#ခေါင်လန်ဖူး#ကချင်ပြည်နယ်#မြန်မာသတင်း

နတ်မောက်မြို့နယ်တွင် တိုက်ခိုက်မှုဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူးအပါအဝင် ၄ ဦး သေဆုံး

ဇူလိုင် ၂၃
The Kaladan Post
မကွေးတိုင်း နတ်မောက်မြို့နယ်အရှေ့ခြမ်းတွင် ဇူလိုင် ၂၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ လုံခြုံရေးစစ်ဆေးမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ပကဖ၏ ထုတ်ပြန်ချက်အရ စစ်ဆေးရေးနေရာကို ရောက်ရှိလာသည့် မော်တော်ယာဉ်မှာ လမ်းကြောင်း ပြောင်းကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့ပြီး ယာဉ်ပေါ်ပါ စစ်ကောင်စီဘက်မှ စတင်ပစ်ခတ်ခဲ့သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ဆက်သွယ်ရေးတပ် ဗိုလ်မှူး ငြိမ်းထူးဇော်အပါအဝင် ၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်ကို နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တော်လှန်ရေးရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
လက်ရှိတွင် နတ်မောက်မြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
#နတ်မောက် #မကွေးတိုင်း #PDF #ပကဖ #မြန်မာသတင်း

ကုန်ဈေးနှုန်း ၄ ဆခန့်မြင့်တက်မှုကို မြေပြင်တွင် ချက်ချင်းဖြေရှင်းရန် စစ်တပ်လွှတ်တော်၌ တောင်းဆို

ဇူလိုင် ၂၃
The Kaladan Post
စစ်တပ်၏ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း ဆန်၊ စားသုံးဆီနှင့် အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းများ ၃ ဆမှ ၄ ဆအထိ မြင့်တက်နေမှုကို မြေပြင်တွင် လက်တွေ့ကျကျ အမြန်ဖြေရှင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
လက်ရှိဈေးကွက်တွင် ဆန်၊ စားအုန်းဆီ၊ မြေပဲဆီနှင့် အခြားအခြေခံကုန်ပစ္စည်းများ၏ ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး အောက်ခြေလက်လုပ်လက်စားများနှင့် ပုံသေလစာစား ဝန်ထမ်းများ အထူးအခက်အခဲ ကြုံတွေ့နေရကြောင်း ထောက်ပြထားပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းများအဖြစ် စစ်ဆေးရေးဂိတ်များ များပြားခြင်း၊ စက်သုံးဆီဈေးမြင့်တက်ခြင်းနှင့် ကုန်သည်အချို့၏ ဈေးကစားမှုများကို လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ယင်းတောင်းဆိုမှုအပေါ် စစ်ကောင်စီဘက်မှ တာဝန်ရှိသူက စားသုံးသူဈေးဆနှုန်း (CPI) စာရင်းများ၊ ညွှန်ကြားချက်များနှင့် ကော်မတီဆောင်ရွက်ချက်များကိုသာ အဓိကရှင်းလင်းခဲ့ပြီး မြေပြင်အတွက် ချက်ချင်းဆောင်ရွက်မည့် အစီအစဉ်များကို ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ကြောင်း သိရပါတယ်။
ဒီဖြစ်စဥ် နှင့်ပတ်သက်ပြီး ဒေါက်တာတေဇာဆန်းကလည်း လမ်းထိပ်က ကုန်စုံဆိုင် သွားဝယ်ကြည့်၊ ရပ်ကွက်ထဲက ဈေးထဲ သွားမေးကြည့်။ နီသော၊ ဝါသော၊ စိမ်းသော၊ ကျက်သောမရွေး ကြိုက်တဲ့ ပြည်သူ သွားဝယ်ကြည့်။ တော်လှန်ရေးကို ကြိုက်သော၊ မကြိုက်သော၊ စစ်အုပ်စုကို ထောက်ခံသော၊ မထောက်ခံသောမရွေး ကြိုက်တဲ့ ပြည်သူ သွားဝယ်ကြည့်။ ကြက်ဥတစ်လုံး – ငွေ (၇၀၀) ဖြစ်သွားပြီးလို့ ဇူလိုင်လ ၂၂ ရက် နေ့က ပြောဆိုထားပါတယ်။
#ကုန်ဈေးနှုန်း#စားဝတ်နေရေး#မြန်မာစီးပွားရေး#မြန်မာသတင်း#CostOfLiving

SOF အထူးစစ်ဆင်ရေးတပ်ဖွဲ့ (၅) နှစ်ပြည့်အခမ်းအနား ကျင်းပ

ဇူလိုင် ၂၃
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစစ်ဆင်ရေး တပ်ဖွဲ့ (SOF) ၏ ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းရှိ မြရာတောစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားတွင် PDF စစ်ဦးစီးချုပ်၏ ဂုဏ်ပြုသဝဏ်လွှာ ဖတ်ကြားခြင်း၊ တပ်ဖွဲ့တာဝန်ရှိသူများ၏ မိန့်ခွန်းများ ပြောကြားခြင်းနှင့် စွမ်းဆောင်ရည်ထူးချွန်သော ရဲဘော်များအား ဂုဏ်ပြုဆုတံဆိပ်များနှင့် ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
SOF တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် KNU တပ်မဟာ (၆) နယ်မြေ၌ စတင်ဖွဲ့စည်းခဲ့ပြီး မြို့ပြ စစ်ဆင်ရေးများနှင့် ကျေးလက်စခန်းသိမ်းတိုက်ပွဲများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၅ ခုနှစ်မှစတင်၍ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်ရှိ စစ်တောင်းမြစ်ဝှမ်းဒေသသို့ အခြေပြုပြောင်းရွှေ့ကာ စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး တပ်ဖွဲ့၏ (၅) နှစ်တာခရီးကို ဂုဏ်ပြုအခမ်းအနား ဖြင့် အမှတ်တရ ကျင်းပခဲ့ကြောင်း သိရပါတယ်။
#SOF #PDF #NUG #စစ်တောင်းမြစ်ဝှမ်း #မြန်မာသတင်း

စစ်မှုထမ်းအဓမ္မဖမ်းဆီးမှုများ လွှတ်တော်တွင် မေးခွန်းထုတ်ခံပြီးနောက် အငြင်းပွားဖွယ်မေးခွန်းများ ရှောင်ကြဉ်ရန် ကြံ့ဖွတ်ဥက္ကဋ္ဌ ညွှန်ကြား

ဇူလိုင် ၂၃
The Kaladan Post
စစ်ကောင်စီ၏ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ အဓမ္မ ဖမ်းဆီးမှုများနှင့် ပေါ်တာဆွဲခေါ်ဆောင်မှုများ အပေါ် ခန္တီးမြို့နယ်အတွင်း စစ်မှုထမ်းရန်အဓမ္မဖမ်းဆီး နေမှုများနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်း၏ မေးမြန်းမှုအား အာဏာသိမ်းအစိုးရ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက စစ်မှုထမ်းဆင့်ခေါ်ရာတွင် တိမ်းရှောင်မှုများကြောင့်ဟုဆိုကာ မြို့ဝင်မြို့ထွက်ဂိတ်များနှင့် နေအိမ်များအတွင်း ဝင်ရောက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။
လွှတ်တော်တွင် ခန္တီးမြို့နယ်အတွင်း စစ်မှုထမ်းခွဲတမ်းထက်ကျော်လွန် ဖမ်းဆီးမှုများရှိနေပြီး ကျောင်းသားများ၊ အရေးပေါ်လူနာများနှင့် လူနာစောင့်များအထိ ဖမ်းဆီးခံနေရကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။
ယင်းမေးမြန်းချက်ကို စစ်ကောင်စီဘက်က ငြင်းဆိုခဲ့ပြီး စစ်မှုထမ်းရန် တိမ်းရှောင်နေသူများကိုသာ စစ်ဆေးရေးလုပ်ငန်းများအတွင်း ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
အဆိုပါကိစ္စများအပြီးတွင် ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ ခင်ရီက စစ်တပ်နှင့် အုပ်ချုပ်ရေးယန္တရားကို အခက်အခဲ ဖြစ်စေနိုင်သော မေးခွန်းများနှင့် အဆိုများကို လွှတ်တော်အတွင်း တင်သွင်းမေးမြန်းခြင်းများ ရှောင်ကြဉ်ကြရန် ညွှန်ကြားခဲ့ကြောင်း ပါတီသတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။
ထို့ပြင် ကြံ့ဖွတ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆန့်ကျင်ဘက်လုပ်ဆောင်မှုများကို ရှောင်ရှားကြရန်လည်း ညွှန်ကြားထား တယ်လို့ ဆိုပါတယ်။
လက်ရှိတွင် စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်မှု၊ အဓမ္မဖမ်းဆီးမှုစွပ်စွဲချက်များနှင့် လွှတ်တော် အတွင်း ဆွေးနွေးခွင့်အပေါ် ကန့်သတ်မှုများ ဆက်လက်ထွက်ပေါ်နေပါတယ်။
#စစ်မှုထမ်းဥပဒေ #လွှတ်တော် #ခင်ရီ #မြန်မာနိုင်ငံရေး #မြန်မာသတင်း

နိုင်ငံရေးအကျဉ်းသား ၄ ဦး ကြိုးပေးကွပ်မျက်ခံရမှု (၄) နှစ်ပြည့်အထိ တရားမျှတမှု မရသေးဟု PPNM ပြော

ဇူလိုင် ၂၃
The Kaladan Post
ယနေ့ ဇူလိုင်လ ၂၃ ရက်သည် ၂၀၂၂ ခုနှစ်တွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၄ ဦး မတရားကြိုးပေးကွပ်မျက်ခံခဲ့ရသည့် ဖြစ်စဉ်၏ ၄ နှစ်ပြည့် အထိမ်းအမှတ် နေ့လည်း ဖြစ်ပါတယ်။
PPNM က အဆိုပါကြိုးပေးကွပ်မျက်မှုနှင့် ရုပ်အလောင်းများကို မိသားစုထံ မလွှဲပြောင်းခဲ့သည့် ဖြစ်စဉ်များမှာ ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ကြောင်း ထပ်မံအလေးထား ပြောကြားထားပါတယ်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများအပေါ် ယနေ့အချိန်ထိ တရားမျှတသော စုံစမ်းစစ်ဆေးမှုနှင့် တာဝန်ခံမှုများ မပေါ်ပေါက်သေးကြောင်းလည်း PPNM က ဖော်ပြထားပါတယ်။
PPNM အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေး၊ တရားမျှတမှုနှင့် တာဝန်ခံမှုဖော်ဆောင် ရေးအတွက် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာသည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ထို့ပြင် ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးအပါအဝင် အကျဉ်းသားစုစုပေါင်း ၅၀၀ ခန့်ကို ဇူလိုင်လ ၂၃ ရက် နံနက်အစောပိုင်းတွင် သာယာဝတီအကျဉ်းထောင်သို့ ရုတ်တရက် ပြောင်းရွှေ့ခဲ့ကြောင်း သိရပါတယ်။
ထောင်ပြောင်းရွှေ့မည့် အကျဉ်းသားများကို တစ်ရက်ကြိုတင်စာရင်းကောက်ယူကာ ခြေချင်းခတ်ပြီး ၁၂ ဘီးယာဉ်များဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း PPNM က ပြောဆိုထားပါတယ်။
အကျဉ်းသားတစ်ဦးလျှင် စောင် ၃ ထည်နှင့် အဝတ်အစား ၁ စုံသာ ယူဆောင်ခွင့်ရရှိခဲ့ပြီး ကျန်ရှိသော ကိုယ်ပိုင်ပစ္စည်းများနှင့် ထောင်ဝင်စာပစ္စည်းများကို ထောင်အာဏာပိုင်များက သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။
ယင်းလုပ်ဆောင်မှုများသည် အကျဉ်းသားများအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများကို စနစ်တကျ ဆောင်ရွက်နေခြင်းဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်စောင့်ကြည့် ဖော်ထုတ်သွားမည်ဟု PPNM က ဆိုထားပါတယ်။
#နိုင်ငံရေးအကျဉ်းသား #PPNM #လူ့အခွင့်အရေး #တောင်ငူအကျဉ်းထောင် #မြန်မာသတင်း