ဖမ်းမိထားသည့် PDF တပ်ဖွဲ့ဝင်များကို အရှင်မီးရှို့ သတ်ဖြတ်ကြသည်ဟု စစ်တပ်ပြောဆို
ဇွန် ၂၆
The Kaladan Post
စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်ဆိုသူက မန္တလေးတိုင်းနှင့် ရှမ်းမြောက်ဒေသများရှိ တိုက်ပွဲများအတွင်း ဖမ်းဆီးရရှိခဲ့သည့် PDF တပ်ဖွဲ့ဝင်များကို လည်လှီးသတ်ဖြတ်ခြင်းနှင့် အရှင်မီးရှို့ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း လူမှုကွန်ရက်ပေါ်တွင် ပြောဆိုထားသည်ဟု သတင်းများတွင် ဖော်ပြထားပါတယ်။
အဆိုပါ ပြောဆိုချက်များတွင် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မတ္တရာ၊ မိုးကုတ်၊ သပိတ်ကျင်း၊ မိုးမိတ် နှင့် အခြားဒေသများရှိ တိုက်ပွဲများကို ရည်ညွှန်းပြောကြားထားကြောင်း သိရပါတယ်။
၎င်း၏ ပြောဆိုချက်များနှင့် ပတ်သက်၍ အထက်အရာရှိများက အရေးယူခြင်းမရှိကြောင်းလည်း ပြောဆိုထားပြီး ယင်းအကြောင်းအရာများအပေါ် အများပြည်သူ၏ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေအရ စစ်သုံ့ပန်းများကို လူသားဆန်စွာ ဆက်ဆံရမည်ဖြစ်သော်လည်း ယခုထွက်ပေါ်လာသည့် ပြောဆိုချက်များက စစ်သုံ့ပန်းဆက်ဆံရေးနှင့် ပတ်သက်သော မေးခွန်းများကို ထပ်မံပေါ်ပေါက်စေခဲ့ပါတယ်။
လတ်တလော့တွင် ရခိုင်ရှေ့တန်းသို့ ပို့ဆောင်ခံရပြီးနောက် အလင်းဝင်ရောက်လာသည့် ခမရ-၅၆၂ မှ စစ်မှုထမ်းတပ်သား ၃ ဦးကို PDF က သတ်ဖြတ်လိုက်သည်ဟု စစ်တပ်ဘက်က သတင်းဖြန့်ချိန်မှာ ယခုလို စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးက ဖမ်းမိထားသည့် တော်လှန်ရေးရဲဘော်အားလုံး အရှင်အထားဘဲ အကုန်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံပြောဆိုလာတာဖြစ်ပါတယ်။
စစ်တပ်ဘက်က သတ်ဖြတ်ခံရပြီဟု ပြောဆိုနေသည့် အလင်းဝင်တပ်သား ၃ ဦးမှာ မကွေးတိုင်း ပဒါန်းမြို့ရှိ အမတ-၉၀၅ လက်အောက်ခံ ခမရ-၅၆၂ မှ ဖြစ်ကြပြီး မကြာသေးမီက တော်လှန်ရေး တပ်ဖွဲ့များထံ ဝင်ရောက်ပူးပေါင်းခဲ့ကြသူတွေဖြစ်ကြပါတယ်။
#မန္တလေးတိုင်း#စစ်သုံ့ပန်း#PDF#လူ့အခွင့်အရေး#မြန်မာ့နိုင်ငံရေး

စစ်ဆင်ရေး ၁၀ ကြိမ် ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က ၉၃ ဦးခန့် သေဆုံးဟု BLDF ပြောဆို
ဇွန် ၂၆
The Kaladan Post
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း စစ်ရေးလှုပ်ရှားမှု ၁၀ ကြိမ် ဖော်ဆောင်ခဲ့ပြီး NUG-MOD နှင့် မဟာမိတ်တပ်များနှင့် ပူးပေါင်းစစ်ဆင်ရေးများအပါအဝင် ရန်သူ ၉၃ ဦးခန့် သေဆုံးကာ ၁၂၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗမာလွတ်မြောက်ရေး တပ်ဦး BLDF ထုတ်ပြန်လာပါတယ်။
အဆိုပါ စစ်ဆင်ရေးများအတွင်း သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ပုလဲ၊ ယင်းမာပင်၊ မြင်းမူနှင့် ချောင်းဦးဒေသများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလမှ ဇွန်လအထိ ဆက်တိုက် ဖော်ဆောင်ခဲ့သည့် စစ်ဆင်ရေးများတွင် မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။
တကောင်းစစ်ဆင်ရေးနှင့် မော်လိုက်ဒေသ စစ်ဆင်ရေးများတွင်လည်း ရဲဘော်များ စစ်ကူအဖြစ် ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများနှင့် ကျဆုံးမှုများ ရှိခဲ့ကြောင်း သိရပါတယ်။
ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာဝန်းကျင် တိုက်ပွဲများတွင် ရန်သူဘက်မှ အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရမှု အများအပြားရှိခဲ့ပြီး စစ်ကြောင်းများ ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်ရေးလှုပ်ရှားမှု ၁၀ ကြိမ်အနက် ၈ ကြိမ်မှာ အခြေစိုက်ဒေသများအတွင်း ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော် ၂ ဦး ကျဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
တပ်ဖွဲ့က ဆက်လက်၍ မဟာမိတ်တပ်များနှင့် လက်တွဲကာ စစ်ရေးတာဝန်များကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
#စစ်ကိုင်းတိုင်း#တော်လှန်ရေးသတင်း#NUGMOD#မဟာမိတ်တပ်ဖွဲ့များ#မြန်မာ့စစ်ရေးသတင်း

နတ်မောက်မြို့နယ် သမုန်းကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၅ ဦး သေဆုံး
ဇွန် ၂၆
The Kaladan Post
မကွေးတိုင်း နတ်မောက်မြို့နယ် သမုန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချခဲ့သည့်အပြင် စက်သေနတ်များဖြင့်လည်း ကျေးရွာအတွင်းသို့ ပစ်ခတ်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုထား ပါတယ်။
သေဆုံးသူများတွင် အသက် ၃၃ နှစ်အရွယ် မိခင်တစ်ဦးနှင့် အသက် ၁၂ နှစ်၊ ၈ နှစ်အရွယ် သားနှစ်ဦးအပါအဝင် ရွာခံ ၂ ဦး ပါဝင်ခဲ့ကြောင်း သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ ၃ ဦးကိုလည်း ဆေးကုသမှုပေးနေရကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။
ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားကျေးရွာအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် သတိပြုကာ စစ်ရေးအသိဖြင့် နေထိုင်ကြရန် တိုက်တွန်းထားပါတယ်။
#နတ်မောက်#မကွေးတိုင်း#လေကြောင်းတိုက်ခိုက်မှု#အရပ်သားထိခိုက်မှု#မြန်မာ့သတင်း

စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး
ဇွန် ၂၆
The Kaladan Post
မကွေးတိုင်း စလင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်တပ်နှင့် ပသစ ပူးပေါင်းအင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို ကြားကာလမကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း (၂) နှင့် (၄) တို့က ဇွန်လ ၁၄ ရက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါ စစ်ဆင်ရေးအတွင်း တိုက်ပွဲ ၄ ကြိမ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောဆိုထားပါတယ်။
တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် ဒေသခံပြည်သူများထံမှ ယူဆောင်လာသော ပစ္စည်းများကို စွန့်ပစ်ကာ အထိနာစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရပါတယ်။
ယင်းစစ်ဆင်ရေးကို စလင်းမြို့နယ် ပကဖနှင့် မကွေးခရိုင် ပကဖ တပ်ခွဲများ ပူးပေါင်းကာ ဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
#စလင်းမြို့နယ်#မကွေးတိုင်း#ကြားကာလမကွေးဖက်ဒရယ်ယူနစ်#စစ်ရေးသတင်း
#မြန်မာနိုင်ငံသတင်း

သထုံတွင် လက်နက်ကြီးကျည်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ် သေဆုံး
ဇွန် ၂၆
The Kaladan Post
မွန်ပြည်နယ် သထုံမြို့နယ် ပဏ္ဍိကုန်းကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန် ၇ လရှိ အမြွှာကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ပစ်ခတ်မှုအတွင်း နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ပြောဆိုထားပါတယ်။
တစ်ဖက်တွင် မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။
ထို့အပြင် စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်ကျေးရွာရှိ မြသိမ်းတန်ဘုရားအရှေ့ဘက်နေရာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်း ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် သတင်းမှတ်ပြန်ကြားရေးအဖွဲ့က ပြောဆိုထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း ပြည်သူပိုင်နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
#သထုံမြို့နယ်#မွန်ပြည်နယ်#မင်းတပ်မြို့#လေကြောင်းတိုက်ခိုက်မှု#စစ်ဘေးဒုက္ခသည်များ

တော်လှန်ရေးအင်အားစုများကို ပြည်ပနိုင်ငံများ ထောက်ပံ့နေသည်ဟု ဒုချုပ် ကျော်စွာလင်း ပြောဆို
ဇွန် ၂၆
The Kaladan Post
စစ်ကောင်စီ၏ ဒုချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများ သည် EROs နှင့် PDF တပ်ဖွဲ့များကို ထောက်ပံ့ကူညီနေကြောင်း မွန်ပြည်နယ် မော်လမြိုင်တပ်နယ်သို့ သွားရောက်စဉ် ပြောဆိုခဲ့ကြောင်း သိရပါတယ်။
၎င်းက တော်လှန်ရေးအင်အားစုများကို နိုင်ငံမတည်ငြိမ်စေရန် ဆောင်ရွက်နေသည်ဟု စွပ်စွဲပြောဆိုခဲ့ သလို မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုများအတွက်လည်း အပြစ်လွှဲပြောဆိုခဲ့ပါတယ်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် စစ်အင်အားလျော့နည်းလာမှုကို ဖြည့်တင်းနိုင်ရန် စစ်မှုထမ်း ဥပဒေအရ လူငယ်များကို စုဆောင်းနေပြီး စစ်ရေးဖိအားများလည်း ရင်ဆိုင်နေရပါတယ်။
ဒုချုပ် ကျော်စွာလင်းသည် တိုင်းစစ်ဌာနချုပ်အသီးသီးသို့ သွားရောက်၍ တပ်ဖွဲ့ဝင်များအား တွေ့ဆုံစည်းရုံးမှုများ ပြုလုပ်နေတာဖြစ်ပါတယ်။
မော်လမြိုင်တပ်နယ်သည် မွန်နှင့် ကရင်ပြည်နယ်ဒေသများ၏ လုံခြုံရေးတာဝန်များကို အဓိက ထမ်းဆောင်နေရပြီး တော်လှန်ရေးပူးပေါင်းတပ်များ၏ စစ်ရေးဖိအားများကို ရင်ဆိုင်နေရကြောင်း သိရပါတယ်။
ဒေသတွင်း စစ်ရေးအခြေအနေများ ပြင်းထန်လာချိန်တွင် စစ်ကောင်စီဘက်မှ ယင်းကဲ့သို့ ဝါဒဖြန့်ပြောဆိုမှုများ ဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။
#မော်လမြိုင်#ကျော်စွာလင်း#စစ်ကောင်စီ#တော်လှန်ရေးအင်အားစုများ#MyanmarNews

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် EAO တချို့က မူးယစ်ဆေးဝါးများ ဖျက်ဆီး
ဇွန် ၂၆
The Kaladan Post
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ဖြစ်သည့် ဇွန်လ ၂၆ ရက်တွင် AA ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့က မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင်ဒေသ၌ ဖမ်းဆီးရမိထားသော ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြောကြားထားသည်။
မိုင်းယု ၁၀၅ မိုင်ဒေသတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက သိသိသာသာ လျော့ကျလာကြောင်း ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများက ပြောဆိုထားပြီး ယင်းသည် ဒေသအတွက် အပြုသဘောဆောင်သော တိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း ဆိုထားသည်။
AA မီးနဂါးစစ်ဒေသမှ ရဲမှူးတစ်ဦးက လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးများ မသုံးစွဲကြရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပြောဆိုထားသည်။
အလားတူ ကရင်အမျိုးသားတပ်မတော် (KNA) ကလည်း ရွှေကုက္ကိုဒေသ၌ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး မူးယစ်ဆေးဝါးကွန်ရက်များကို ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်စောချစ်သူက ပြောဆိုထားသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသည် ဒေသတွင်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လုံခြုံရေးအတွက် အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများက အလေးပေး ပြောကြားထားသည်။
#အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့#ညီနောင်မဟာမိတ်#မူးယစ်ဆေးဝါးတိုက်ဖျက်ရေး
