ဇူလိုင် ၁၃၊ ၂၀၂၆
The Kaladan Post
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်က လူစည်ကားရာ Chatuchak ခရိုင်မှာရှိတဲ့ “Rong Beer Na Lat Phrao” အမည်ရှိ နာမည်ကြီး Pub တစ်ခုမှာ တနင်္ဂနွေနေ့ည သန်းခေါင်ယံအချိန်က အပြင်းအထန် ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့တာကြောင့် လူ ၂၇ ဦး သေဆုံးကာ ၆၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရအရာရှိတွေက တနင်္လာနေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒဏ်ရာရရှိသူတွေထဲက ၂၂ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာကြောင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာမှာကို စိုးရိမ်နေကြရပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် အာနုတင် ချာန်ဗီရပ်ကူးလ် (Anutin Charnvirakul) က “လက်ရှိအချိန်အထိ ရုပ်အလောင်း ၂၇ လောင်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ ဆေးရုံဆီ ပို့ဆောင်ထားပါတယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ အဆိုအရ မီးလောင်ချိန်မှာ မီးခိုးတွေက ဆိုင်အတွင်း အလျှင်အမြန် ပြည့်နှက်သွားတာကြောင့် လူတွေဟာ ဆိုင်အနောက်ဘက်က အိမ်သာတွေဆီကို ထွက်ပြေးခဲ့ကြပေမဲ့ အဲဒီနားမှာ အရေးပေါ်ထွက်ပေါက် မရှိတာကြောင့် အခုလို အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားချိန်မှာ ရှိနေခဲ့တဲ့ တေးဂီတအဖွဲ့ဝင်တစ်ဦးကတော့ “မီးခေတ္တပြတ်သွားပြီးနောက်မှာ မီးခိုးတွေက ဆိုင်ထဲကို ရုတ်တရက် ပြည့်လာတာပါ။ အဲဒီနောက်မှာတော့ အင်မတန်ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပြီး မီးတွေလောင်တော့တာပါပဲ။ ပေါက်ကွဲပြီးတဲ့နောက်မှာ ဘယ်သူမှ မပြေးနိုင်တော့ဘဲ ကြမ်းပြင်ပေါ်မှာပဲ အကူအညီတောင်းနေကြတာကို တွေ့ခဲ့ရပါတယ်” လို့ ၎င်းရဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။ မီးသတ်သမား တစ်ဦးဖြစ်သူ Chakrit Khongkom ကလည်း မီးက သိပ်မပြင်းထန်ပေမဲ့ မီးခိုးတွေက ဆိုင်ထဲမှာ ၁၀၀ ရာခိုင်နှုန်းလောက် ဖုံးလွှမ်းနေတာကြောင့် အသက်ရှူကျပ်ပြီး သေဆုံးခဲ့ကြတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးမှူး Chadchart Sittipunt ကတော့ အဆိုပါ Pub ဟာ တရားဝင် လုပ်ငန်းလိုင်စင်ရှိသလို အရေးပေါ်ထွက်ပေါက်တွေလည်း ရှိပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မီးလောင်မှုက အရမ်းမြန်လွန်းတာကြောင့် လူတွေ ထွက်ပြေးဖို့ အချိန်မရခဲ့တာလို့ ယူဆရပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့နဲ့ မှုခင်းဆေးပညာ အဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာမှာ သက်သေတွေ စုဆောင်းနေပြီး သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ခွဲခြားနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး မီးလောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
သတင်း Source: Reuters