စက်တင် ၁၁၊ ၂၀၂၆
The Kaladan Post
အမေရိကန်နိုင်ငံရှိ နိုင်ငံတကာ ကျောင်းသားများနှင့် ဖလှယ်ရေး အစီအစဉ်ဖြင့် လာရောက်သူများအတွက် ယခင်က သတ်မှတ်ထားသည့် ကာလအကန့်အသတ်မရှိ နေထိုင်ခွင့်ကို ပယ်ဖျက်ပြီး အများဆုံး ၄ နှစ်အထိသာ ကန့်သတ်မည့် ပြည်တွင်းလုံခြုံရေးဌာန (DHS) ၏ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းသစ်သည် လာမည့် စက်တင်ဘာလ ၁၅ ရက်တွင် စတင် အသက်ဝင်မည် ဖြစ်ပါတယ်။
အဆိုပါ စည်းမျဉ်းသစ်အရ F-1 ကျောင်းသားများနှင့် J-1 ဗီဇာဖြင့် လာရောက်သူများသည် အများဆုံး ၄ နှစ်သာ နေထိုင်ခွင့်ရမည်ဖြစ်ရာ ၄ နှစ်ထက်ကျော်လွန်သည့် ပါရဂူဘွဲ့ (PhD) ကျောင်းသားများအနေဖြင့် သက်တမ်းတိုး လျှောက်ထားရမည်ဖြစ်ပြီး ကျောင်းပြောင်းခြင်းနှင့် ဘာသာရပ်ပြောင်းလဲခြင်းများကိုလည်း ကန့်သတ်ထားပါတယ်။ အဆိုပါ စည်းမျဉ်းကို ပိတ်ပင်ပေးရန် အဆင့်မြင့်ပညာရေးနှင့် အလုပ်သမား အဖွဲ့အစည်းများက မက်ဆာချူးဆက် ဖက်ဒရယ်တရားရုံးတွင် ဩဂုတ်လ ၁၈ ရက်က တရားစွဲဆိုထားပါတယ်။
ထို့အပြင် ကျောင်းသားများ လုပ်ငန်းခွင် အလုပ်သင်ဆင်းခွင့် (CPT) စနစ်ကိုလည်း သင်ရိုးညွှန်းတမ်းတွင် မဖြစ်မနေ လိုအပ်မှသာ ခွင့်ပြုရန် စစ်ဆေးမှုများ တိုးမြှင့်လိုက်ပါတယ်။ တစ်ဖက်တွင်လည်း DHS က H-1B အလုပ်ဗီဇာ လျှောက်ထားခအဖြစ် ဒေါ်လာ ၁၀၃,၂၆၅ သတ်မှတ်ရန် အဆိုပြုထားပြီး တက္ကသိုလ်များကို ကင်းလွတ်ခွင့်ပေးမည် ဖြစ်သော်လည်း ဘွဲ့ရပြီးနောက် အမေရိကန်၌ အလုပ်လုပ်ကိုင်လိုသည့် နိုင်ငံတကာ ကျောင်းသားများအတွက် အခက်အခဲ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ချက်များကြောင့် အမေရိကန်သို့ နိုင်ငံတကာ ကျောင်းသား လျှောက်ထားမှုများ ဆက်တိုက် ကျဆင်းနေပါတယ်။ NAFSA ၏ ခန့်မှန်းချက်အရ ယခုဆောင်းဦးရာသီတွင် အမေရိကန်အနေဖြင့် နိုင်ငံတကာ ကျောင်းသား ၁၁၁,၀၀၀ အထိ ဆုံးရှုံးနိုင်ပြီး စီးပွားရေးအရ ဒေါ်လာ ၃.၄ ဘီလီယံနှင့် အလုပ်အကိုင် ၄၀,၀၀၀ နီးပါး ဆုံးရှုံးနိုင်ကြောင်း သိရပါတယ်။
သို့သော်လည်း ကျောင်းသားများအတွက် ကြိုဆိုဖွယ် သတင်းအဖြစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ကာလီဖိုးနီးယား ဖက်ဒရယ် တရားသူကြီး နိုအယ်လ် ဝိုက်စ် (Noël Wise) က နိုင်ငံသား မဟုတ်သူများ၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို အကြောင်းပြ၍ ပြည်နှင်ဒဏ်ပေးရန် ထရမ့် အစိုးရ၏ လုပ်ဆောင်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ တရားသူကြီးက “အမေရိကန်နိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ပြည်သူတွေရဲ့ အခွင့်အရေး ဖြစ်ပြီး အစိုးရက သိမ်းယူခွင့် မရှိပါဘူး” ဟု ရေးသားခဲ့ပါတယ်။
Source – American Council on Education