စက်တင် ၁၁၊ ၂၀၂၆

The Kaladan Post

ရိုဟင်ဂျာ အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာ၊ တရုတ်နိုင်ငံတို့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲများကို စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဟူမာယွန် ကာဘီယာ (Humaiun Kobir) က စက်တင်ဘာလ ၁၁ ရက် သောကြာနေ့တွင် ကြေညာလိုက်ပါတယ်။

ဒါကာမြို့ရှိ နိုင်ငံခြားရေး ဝန်ဆောင်မှု အကယ်ဒမီတွင် ဒါကာတက္ကသိုလ်နှင့် UNHCR တို့ ပူးပေါင်းကျင်းပသည့် ဆွေးနွေးပွဲ၌ ဒုတိယဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ကာဘီယာ က “နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခြင်းကသာ ရိုဟင်ဂျာတွေရဲ့ ကာလရှည် နေရပ်စွန့်ခွာရမှုကို အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ပြီး စခန်းများတွင် ခိုလှုံနေသည့် ဒုက္ခသည် ၁.၂ သန်းကျော်၏ ပြဿနာကို ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံတည်းဖြင့် မဖြေရှင်းနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှစ၍ ဒုက္ခသည်များကို လက်ခံထားရခြင်းသည် ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် အမျိုးသားလုံခြုံရေးတို့အပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ကြောင်း ၎င်းက ရှင်းပြခဲ့ပါတယ်။ ၁၉၇၈ နှင့် ၁၉၉၂ ခုနှစ်များကဲ့သို့ ရိုဟင်ဂျာများ နေရပ်ပြန်လည်ပို့ဆောင်ရေး အောင်မြင်စေရန် ဆောင်ရွက်ခြင်းသည် အဓိက ဦးစားပေးဖြစ်ပြီး မည်သို့နှင့် မည်မျှမြန်မြန် ပြန်ပို့နိုင်မည်ဆိုသည့် အချက်က အဓိကကျကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် အာဆတ်အလမ်စီယမ် (Asad Alam Siam) က ရခိုင်ဒေသတွင်း မတည်ငြိမ်မှုများ၊ မြန်မာစစ်အစိုးရနှင့် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် ရက္ခိုင့်တပ်တော် (AA) အကြား ဆက်သွယ်မှု ကင်းမဲ့နေခြင်းနှင့် ဒုက္ခသည်အသစ်များ ဆက်လက် ဝင်ရောက်နေခြင်း စသည့် အဓိက အတားအဆီး ၃ ခုကို ထောက်ပြခဲ့ပါတယ်။ UNHCR ကိုယ်စားလှယ် အိုင်ဗို ဖရိုက်ဆင် (Ivo Freijsen) ကလည်း နိုင်ငံသားဖြစ်ခွင့်နှင့် အခြေခံအခွင့်အရေးများ မရရှိပါက နေရပ်ပြန်ရေးမှာ ခက်ခဲနေဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ထို့အပြင် ဒုတိယဝန်ကြီး ကာဘီယာ က ဝန်ကြီးချုပ် တာရစ်ခ်ရာမန် (Tarique Rahman) အနေဖြင့် အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ဘဲ အိန္ဒိယသို့ သီးခြား နှစ်နိုင်ငံ ထိပ်သီးခရီးစဉ်အဖြစ်သာ သွားရောက်ရန် စီစဉ်နေကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

Source – The Daily Star