စက်တင် ၁၁၊ ၂၀၂၆
The Kaladan Post
နီပေါနိုင်ငံ ဘိုတေကိုရှီ (Bhote Koshi) မြစ်ရေကြီးမှု ၁၆ ရက်မြောက်နေ့တွင် သေဆုံးသူရုပ်အလောင်း ၁,၃၇၇ လောင်း ရှာဖွေတွေ့ရှိထားပြီး နိုင်ငံခြားသား ၆၀၀ အပါအဝင် လူပေါင်း ၅,၁၃၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်ပါတယ်။
ဩဂုတ်လ ၂၆ ရက်က စတင်ခဲ့သည့် အဆိုပါ ရေဘေးသင့်မှုတွင် နိုင်ငံခြားသား ၃၀၀ ကျော် အပါအဝင် လူပေါင်း ၁၃,၆၅၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပျောက်ဆုံးနေဆဲဖြစ်သည့် လူ ၅,၁၃၀ ဦးတွင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ နိုင်ငံခြားသား ၆၀၀ ခန့် ပါဝင်နေကြောင်း ဝန်ကြီးဌာန၏ တရားဝင် စာရင်းများအရ သိရပါတယ်။
အိန္ဒိယ၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ လိုဏ်ခေါင်း ကယ်ဆယ်ရေးအဖွဲ့များသည် နီပေါ တပ်မတော်နှင့် ပူးပေါင်း၍ လိုဏ်ခေါင်းများအတွင်း ပိတ်မိနေသူများကို ဆက်လက် ရှာဖွေလျက် ရှိပါတယ်။ ယူအေအီး၊ မလေးရှားနှင့် ဩစတြေးလျ ကယ်ဆယ်ရေးအဖွဲ့များကလည်း မိုင်လောင်ခိုလာ (Mailung Khola)၊ အထက်တြိသုလိ (Upper Trishuli)၊ ချိလီးမေ (Chilime) နှင့် ရာဆူဝါဂါဒီ (Rasuwagadhi) စသည့် ရေအားလျှပ်စစ် စီမံကိန်းများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမို အရှိန်မြှင့်နိုင်ရန်အတွက် အဆင့်မြင့် ဒရုန်းများ၊ LiDAR စနစ်များ၊ ရေအောက် ဒရုန်းများ၊ ဘေလီတံတားများနှင့် DNA စစ်ဆေးသည့် ပစ္စည်းများကို နိုင်ငံတကာ အသိုင်းအဝိုင်းထံ အကူအညီ တောင်းခံထားပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်စေရန် တာဒီမြစ်ပေါ်ရှိ ဒေဗီဂတ် (Devighat) Acrow တံတား တပ်ဆင်မှုကို ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပြည်သူများ သွားလာနိုင်ပြီ ဖြစ်ပါတယ်။
သေဆုံးသူများ၏ ရုပ်အလောင်းများကို DNA စစ်ဆေး ဖော်ထုတ်နိုင်ရန် အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ စင်ကာပူနှင့် တောင်ကိုရီးယား မှုခင်းဆေးပညာရှင်များက နီပေါ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ထို့အပြင် တရုတ်နိုင်ငံဘက်ခြမ်းတွင် ရေဘေးသင့်ခဲ့သည့် နီပေါနိုင်ငံသား ၇၆၈ ဦးကိုလည်း တာတိုပါနီ (Tatopani) နယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်သို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။
Source – Ministry of Foreign Affairs, Nepal