ဩဂုတ် ၂၅၊ ၂၀၂၆
The Kaladan Post
အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ သို့မဟုတ် လျှောက်ထားရန် ကြိုးပမ်းနေသည့် နိုင်ငံခြားသားများ၏ အမေရိကန် ယာယီဗီဇာများကို ရုပ်သိမ်းရန် စီစဉ်နေကြောင်း သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက တနင်္လာနေ့ (ဩဂုတ်လ ၂၄ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “အမေရိကန်နိုင်ငံကို ရေတို လာရောက်လည်ပတ်သူတွေအဖြစ် လာရောက်ခဲ့ကြပြီးမှ ဒီမှာ အမြဲတမ်း နေထိုင်ဖို့ ခိုလှုံခွင့် လျှောက်ထားကြတဲ့ နိုင်ငံခြားသားတွေရဲ့ ယာယီဗီဇာတွေကို ဖော်ထုတ်ရုပ်သိမ်းဖို့” အိမ်တွင်းလုံခြုံရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုပါတယ်။ အေပီ (AP) သတင်း၏ ဖော်ပြချက်အရ ၂၀၁၆ မှ ၂၀၂၆ ခုနှစ်အတွင်း ထုတ်ပေးခဲ့သည့် စီးပွားရေးနှင့် ခရီးသွား ဗီဇာ (B1/B2) ကိုင်ဆောင်ထားသူ ၂၀၀,၀၀၀ ခန့်အထိ ပယ်ဖျက်ခံရနိုင်ကြောင်း သိရပါတယ်။
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ခရစ်စတိုဖာ လန်းဒေါ (Christopher Landau) က အမေရိကန် လူဝင်မှုကြီးကြပ်ရေး စနစ်သည် “အကြောင်းမဲ့ ခိုလှုံခွင့် လျှောက်ထားမှုတွေနဲ့ ကာလရှည်ကြာ ရှုပ်ထွေးနေခဲ့တာ ဖြစ်ပါတယ်” ဟု X လူမှုကွန်ရက်တွင် ရေးသားထားပါတယ်။ ထရမ့်အစိုးရ လက်ထက်တွင် နိုင်ငံခြားသားများ၏ ဗီဇာ ပေါင်း ၁၇၅,၀၀၀ ကျော်ကို ပယ်ဖျက်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Source – Reuters