ဩဂုတ် ၁၄၊ ၂၀၂၆

The Kaladan Post

ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၆၀ ကျော် ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် USS Abraham Lincoln လေယာဉ်တင်သင်္ဘော၌ ရိက္ခာနှင့် စိတ်ကျန်းမာရေး ပြဿနာများ ကြုံတွေ့နေရချိန်တွင် အမေရိကန်က USS George Washington လေယာဉ်တင်သင်္ဘောကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်လိုက်ပါတယ်။

ပစိဖိတ်အခြေစိုက် USS George Washington စစ်သင်္ဘောသည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ ထွက်ခွာလာပြီး မလက္ကာ ရေလက်ကြားကို ဖြတ်သန်းကာ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ဦးတည်နေတာ ဖြစ်ပါတယ်။ အဆိုပါ စစ်သင်္ဘောသည် အီရန်နှင့် စစ်ပွဲတွင် ပါဝင်နေပြီး တာဝန်ထမ်းဆောင်ချိန် စံချိန်တင် ကြာမြင့်နေသည့် USS Abraham Lincoln သင်္ဘောအား အစားထိုး တာဝန်ယူမည်ဖြစ်ကြောင်း သိရပါတယ်။

သင်္ဘောပေါ်ရှိ အခြေအနေများနှင့် ပတ်သက်၍ အမေရိကန် ဒီမိုကရက်တစ် လွှတ်တော်အမတ်များက စုံစမ်းစစ်ဆေးရန် တောင်းဆိုနေကြသော်လည်း ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) ကမူ သတင်းဖော်ပြချက်များသည် “လုံးဝ အလွဲသုံးသပ်ထားခြင်း ဖြစ်သည်” ဟု တုံ့ပြန်ခဲ့ပါတယ်။ စစ်ပွဲကြောင့် ရိက္ခာ ထောက်ပံ့မှုများ ပြတ်တောက်ခဲ့ဖူးသော်လည်း လက်ရှိတွင် စားနပ်ရိက္ခာနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိနေပြီဖြစ်ကြောင်း ရေတပ်က ထုတ်ပြန်ထားပါတယ်။

အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) က လေယာဉ်တင်သင်္ဘော စစ်ကြောင်းသည် ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၆၀ ကျော် ကြာမြင့်ခဲ့ပြီး လေယာဉ်ပျံသန်းမှု ပေါင်း ၁၀,၀၀၀ ခန့် ပြုလုပ်ခဲ့သလို ယမ်းဘီလူး ပေါင် ၁.၅ သန်းအထိ အသုံးပြုခဲ့သည်ဟု ဆိုပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် ရူဘင် ဂါယေဂို (Ruben Gallego) ကမူ သင်္ဘောသားများ ခံစားနေရသည့် အခြေအနေသည် “ရွံရှာဖွယ်ကောင်းရုံတင်မကဘဲ အန္တရာယ်လည်း ရှိပါတယ်” ဟု ဝေဖန်ထားပါတယ်။

Source – AP