စက်တင် ၇၊ ၂၀၂၆
The Kaladan Post
မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်ရန် ကြိုးပမ်းသည့် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်သော မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းအာဏာပိုင်များက စက်တင်ဘာလ ၅ ရက်နေ့တွင် တားဆီးဖမ်းဆီးလိုက်ပါတယ်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ယာဉ် ၂ စီးဖြင့် လိုက်ပါလာစဉ် ဆဒေါင်း (Sadao) ခရိုင် ပဒန်ဘေဆာ (Padang Besar) မြို့နယ်ရှိ စွယ်ကေးဘုဒ် (Soi Kaew Butr) တွင် ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ယင်းစစ်ဆင်ရေးတွင် အမှတ် (၅) ခြေလျင်တပ်ရင်း စစ်ကြောင်း၊ ပဒန်ဘေဆာ ရဲတပ်ဖွဲ့၊ ဆုန်ခလာ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၄၃၇ တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ပထမ ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသားကို ဖမ်းဆီးရမိခဲ့သော်လည်း ဒုတိယ ပစ်ကပ်ကား ယာဉ်မောင်းမှာမူ ယာဉ်ကို စွန့်ပစ်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ထိုင်းလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ ဖမ်းဆီးရမိသူ ပထမ ယာဉ်မောင်းက ၎င်းအား ထိုင်းအမျိုးသားတစ်ဦးက ဘတ် ၅၀၀ ပေး၍ ခိုင်းစေခဲ့ခြင်းဖြစ်ပြီး ယခုလအတွင်း ၃ ကြိမ်တိုင်တိုင် ယခုကဲ့သို့ ပို့ဆောင်ပေးခဲ့ဖူးကြောင်း ထွက်ဆိုထားပါတယ်။
ဖမ်းဆီးခံ မြန်မာနိုင်ငံသားများသည် ကေဉ္စနဘူရီ (Kanchanaburi) မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး ဘန်ကောက်တွင် ခေတ္တနေထိုင်ကာ ဆုန်ခလာ နယ်စပ်သို့ ဆက်လက် ထွက်ခွာလာခဲ့ကြခြင်း ဖြစ်ပါတယ်။ ၎င်းတို့သည် ယခု ခရီးစဉ်အတွက် တစ်ဦးလျှင် မြန်မာငွေ ကျပ် ၅ သန်းမှ ၆ သန်းခန့် (ထိုင်းဘတ် ၇၅,၀၀၀ ခန့်) အသီးသီး ပေးဆောင်ခဲ့ရကြောင်း ပြောကြားခဲ့ကြပါတယ်။
လက်ရှိတွင် ဖမ်းဆီးရမိသူများကို ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပြီး မှောင်ခိုကူးသည့် ကွန်ရက်တစ်ခုလုံးကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်နေပါတယ်။ ထိုင်းလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူက “ရွှေ့ပြောင်းနေထိုင်သူတွေကို မလေးရှားနယ်စပ်ဆီ ပို့ဆောင်ရာမှာ ပါဝင်တဲ့ ပွဲစားတွေနဲ့ အခြားသူတွေကို စုံစမ်းဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
Source – New Straits Times