ဩဂုတ် ၂၉၊ ၂၀၂၆
The Kaladan Post
ဂျပန်ယန်းငွေ တန်ဖိုး ကျဆင်းနေမှုကို ထိန်းသိမ်းရန်အတွက် လွန်ခဲ့သည့် တစ်လအတွင်း ငွေလဲနှုန်း စျေးကွက်အတွင်း ဝင်ရောက် စွက်ဖက်မှုအဖြစ် စံချိန်တင် ၁၅.၄ တရီလီယံယန်း (အမေရိကန်ဒေါ်လာ ၉၆.၅ ဘီလီယံ) အထိ သုံးစွဲခဲ့ကြောင်း ဂျပန် ဘဏ္ဍာရေးဝန်ကြီးဌာန က သောကြာနေ့ (ဩဂုတ်လ ၂၈ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်လ ၃၀ ရက်မှ ဩဂုတ်လ ၂၆ ရက်အထိ ကာလအတွင်း ယန်းငွေတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁၆၄ ယန်းဝန်းကျင်အထိ နှစ်ပေါင်း ၄၀ အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သဖြင့် ဂျပန်ဗဟိုဘဏ်သည် အမေရိကန်နှင့် တောင်ကိုရီးယားတို့နှင့် ပူးပေါင်းကာ စျေးကွက်အတွင်း ဝင်ရောက် စွက်ဖက်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုသုံးစွဲမှု ပမာဏသည် ဂျပန်နိုင်ငံ၏ သမိုင်းတွင် အမြင့်ဆုံး ငွေကြေးစွက်ဖက်မှု ဖြစ်ပါတယ်။
ယန်းငွေ ကျဆင်းမှုကြောင့် စွမ်းအင်နှင့် ကုန်ကြမ်း တင်သွင်းစရိတ်များ မြင့်တက်လာမှုကို သက်သာစေရန် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) ကလည်း ဂျပန်၏ ယန်းငွေ တည်ငြိမ်ရေး ကြိုးပမ်းမှုများကို ကူညီရန် အမေရိကန်ဘက်က “လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားမည်” (whatever it takes) ဟု ယခုလအစောပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရပါတယ်။
Source – Reuters