ဇူလိုင် ၁၈၊ ၂၀၂၆

The Kaladan Post

တရုတ်နိုင်ငံရဲ့ ထိပ်တန်းလေကြောင်းလိုင်း သုံးခုဟာ သူတို့ရဲ့ သွားလာမှုစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ လောင်စာဆီချွေတာနိုင်မယ့် လေယာဉ်သစ်တွေနဲ့ အစားထိုးဖို့အတွက် ဥရောပ Airbus ကုမ္ပဏီဆီကနေ လေယာဉ် ၉၅ စင်းကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈ ဘီလီယံနဲ့ မှာယူလိုက်ပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး လေကြောင်းဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ လေကြောင်းလိုင်းတွေဟာ သူတို့ရဲ့ လေယာဉ်အုပ်စုတွေကို ခေတ်မီအောင် ဆက်တိုက်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

[ရှန်ဟိုင်းစတော့အိတ်ချိန်း] ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံပိုင် Air China နဲ့ ၎င်းရဲ့ လက်အောက်ခံ Shenzhen Airlines တို့က လေယာဉ် ၅၅ စင်း (တန်ဖိုး ဒေါ်လာ ၁၂ ဒသမ ၄ ဘီလီယံ) မှာယူခဲ့ပြီး Hainan Airlines ကတော့ A320neo အမျိုးအစား လေယာဉ် ၄၀ (တန်ဖိုး ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ) ကို သီးခြားမှာယူခဲ့တာ ဖြစ်ပါတယ်။ Air China ဟာ ဝေးလံတဲ့ နိုင်ငံတကာခရီးစဉ်တွေအတွက် အသုံးပြုမယ့် A350-900 အမျိုးအစား လေယာဉ်ကြီး ၁၅ စင်းကို မှာယူခဲ့ပြီး အဆိုပါလေယာဉ်တွေကို ၂၀၃၀ ပြည့်နှစ်ကနေ ၂၀၃၂ ခုနှစ်အတွင်း အသီးသီး လက်ခံရရှိသွားမှာ ဖြစ်ပါတယ်။

Air China ကတော့ လေယာဉ်မှာယူမှု ပမာဏများပြားတာကြောင့် Airbus ဘက်ကနေ သိသိသာသာ ဈေးလျှော့ပေးမှာဖြစ်လို့ အမှန်တကယ် ပေးချေရမယ့်ဈေးနှုန်းဟာ အခုဖော်ပြထားတဲ့ ဈေးနှုန်းထက် လျော့နည်းလိမ့်မယ်လို့ ဆိုပါတယ်။ အခုလို လေယာဉ်အသစ်တွေ အလုံးအရင်းနဲ့ မှာယူနေတာဟာ ကိုဗစ်ကပ်ရောဂါအပြီး လေကြောင်းကဏ္ဍ ပြန်လည်ဦးမော့လာစေဖို့ ပြင်ဆင်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ လောင်စာဆီဈေးနှုန်း မြင့်တက်နေတာကြောင့် Air China အနေနဲ့ ယခုနှစ် ပထမနှစ်ဝက်အတွင်းမှာတင် ယွမ် ၂ ဒသမ ၆ ဘီလီယံလောက် အရှုံးပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

တခြားသော တရုတ်လေကြောင်းလိုင်းတွေဖြစ်တဲ့ China Eastern နဲ့ China Southern တို့ဟာလည်း ပြီးခဲ့တဲ့လပိုင်းတွေအတွင်းက Airbus လေယာဉ် အစင်းပေါင်း ရာနဲ့ချီပြီး မှာယူထားခဲ့ကြပါသေးတယ်။ အခု ထပ်မံမှာယူလိုက်တဲ့ A320neo လေယာဉ်တွေဟာ အမေရိကန် Boeing ကုမ္ပဏီရဲ့ 737 MAX လေယာဉ်တွေနဲ့ အဓိက ပြိုင်ဘက်ဖြစ်ပြီး ခရီးစဉ်အလတ်စားတွေမှာ အသုံးများပါတယ်။ ဒီလေယာဉ်သစ်တွေဟာ Air China ရဲ့ သယ်ယူပို့ဆောင်ရေး စွမ်းဆောင်ရည်ကို ၇ ရာခိုင်နှုန်းလောက်အထိ တိုးတက်လာစေမှာဖြစ်သလို သက်တမ်းရင့်နေတဲ့ လေယာဉ်ဟောင်းတွေနေရာမှာလည်း အစားထိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။

သတင်း Source: Reuters