စက်တင် ၁၄၊ ၂၀၂၆

The Kaladan Post

အမေရိကန်နိုင်ငံရှိ F-1 နှင့် J-1 ဗီဇာ ကိုင်ဆောင်ထားသည့် နိုင်ငံတကာ ကျောင်းသားများအတွက် ကာလအကန့်အသတ်မရှိ နေထိုင်ခွင့်ပြုထားသည့် စနစ်ကို ပယ်ဖျက်ပြီး အများဆုံး ၄ နှစ်အထိသာ ကန့်သတ်မည့် စည်းမျဉ်းသစ်သည် စက်တင်ဘာလ ၁၅ ရက်တွင် စတင် အသက်ဝင်မည် ဖြစ်ပါတယ်။

အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန (DHS) ၏ စည်းမျဉ်းသစ်အရ စက်တင်ဘာလ ၁၅ ရက်မှစ၍ အမေရိကန်သို့ ဝင်ရောက်လာသူများသည် သင်တန်းကာလ သို့မဟုတ် အများဆုံး ၄ နှစ်အထိသာ တရားဝင် နေထိုင်ခွင့် ရရှိတော့မည် ဖြစ်ပါတယ်။ သတ်မှတ်ကာလထက် ပိုမို ကြာမြင့်သည့် ပါရဂူဘွဲ့ (PhD) သင်တန်းသားများ အနေဖြင့် USCIS ထံ သက်တမ်းတိုး လျှောက်ထားရမည်ဖြစ်ပြီး စိစစ်ဆဲ ကာလအတွင်း အလိုအလျောက် ရက်ပေါင်း ၂၄၀ သက်တမ်းတိုးခွင့် ရရှိမည် ဖြစ်ပါတယ်။

ထို့အပြင် ကျောင်းပြီးဆုံးပြီးနောက် နိုင်ငံတွင်း ဆက်လက် နေထိုင်ခွင့် သတ်မှတ်ရက် (Grace Period) ကိုလည်း ရက်ပေါင်း ၆၀ မှ ၃၀ အထိ လျှော့ချလိုက်ပါတယ်။ ဟားဗတ်၊ စတန်းဖို့ဒ်၊ ယေးလ်၊ ကိုလံဘီယာနှင့် ဘရောင်း တက္ကသိုလ် အပါအဝင် ထိပ်တန်း တက္ကသိုလ်ကြီးများက ကျောင်းသားများအနေဖြင့် ပြည်ပခရီးသွားလာမှုနှင့် OPT အလုပ်သင် အစီအစဉ်များတွင် ထိခိုက်မှု မရှိစေရန် သတိပြုကြရန် အသိပေးချက်များ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပြောင်းလဲမှုသည် အမေရိကန်တွင် အများဆုံး ပညာသင်ကြားနေသည့် အိန္ဒိယ ကျောင်းသားများအပေါ် အဓိက သက်ရောက်မှု ရှိလာနိုင်ပါတယ်။ Open Doors 2025 အစီရင်ခံစာအရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အမေရိကန်၌ အိန္ဒိယ ကျောင်းသား ၃၆၃,၀၁၉ ဦးအထိ တက်ရောက်ခဲ့ပြီး ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

သို့ဖြစ်ပါ၍ နိုင်ငံတကာ ကျောင်းသားများ အနေဖြင့် စက်တင်ဘာ ၁၅ ရက်နောက်ပိုင်း ခရီးသွားလာပါက I-20၊ ဗီဇာနှင့် I-94 မှတ်တမ်းများကို သေချာစွာ စစ်ဆေးရန်နှင့် ကျောင်း၏ နိုင်ငံတကာ ကျောင်းသားရေးရာ ရုံးများနှင့် ကြိုတင် တိုင်ပင်ဆွေးနွေးကြရန် သက်ဆိုင်ရာ တက္ကသိုလ်များက အကြံပြုထားပါတယ်။

Source – Hindustan Times