စက်တင် ၁၆၊ ၂၀၂၆

The Kaladan Post

နိုင်ငံတကာ ကျောင်းသားဗီဇာ သက်တမ်းကို အများဆုံး ၄ နှစ်အထိသာ ကန့်သတ်မည့် အစိုးရ၏ စည်းမျဉ်းသစ် စတင်အသက်ဝင်ရန် တစ်ရက်အလို တနင်္လာနေ့တွင် အမေရိကန် ဖက်ဒရယ် ခရိုင်တရားသူကြီးတစ်ဦးက ယာယီ တားမြစ်ပိတ်ပင်လိုက်ပါတယ်။

အမေရိကန် ဖက်ဒရယ် ခရိုင်တရားသူကြီး အက်ဖ် ဒန်းနစ် ဆေလာ ဖိုး (F. Dennis Saylor IV) က ပြည်တွင်းလုံခြုံရေးဌာန (DHS) သည် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အက်ဥပဒေကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ယခုကဲ့သို့ တရားရုံးက ကြားဖြတ် တားမြစ်လိုက်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ နိုင်ငံတကာ ကျောင်းသားများသည် ပညာသင်ကာလ ပြီးဆုံးသည်အထိ နေထိုင်ခွင့်ရသည့် မူလ စည်းမျဉ်းအတိုင်း ဆက်လက် ခံစားခွင့် ရရှိနေဆဲ ဖြစ်ပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်သည် NAFSA နိုင်ငံတကာ ပညာရေးအဖွဲ့ အပါအဝင် ပညာရေးဆိုင်ရာ မဟာမိတ်အဖွဲ့များ၏ တရားစွဲဆိုမှုကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ NAFSA အမှုဆောင်အရာရှိချုပ် ဖန်တာ အော (Fanta Aw) က “တစ်ကမ္ဘာလုံးက လူတော်လူကောင်းတွေကို ယှဉ်ပြိုင်ဆွဲဆောင်နေချိန်မှာ အမေရိကန်အနေနဲ့ အတားအဆီးသစ်တွေ ဖန်တီးမယ့်အစား အရည်အချင်းရှိသူတွေကို ဆွဲဆောင်နိုင်တဲ့ စွမ်းရည်ကို မြှင့်တင်သင့်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

အကယ်၍ စည်းမျဉ်းသစ် အတည်ဖြစ်ပါက F ကျောင်းသားဗီဇာနှင့် J ဖလှယ်ရေးဗီဇာများကို အများဆုံး ၄ နှစ်အထိသာ ကန့်သတ်မည်ဖြစ်ပြီး ၄ နှစ်ထက်ကျော်သော ပါရဂူဘွဲ့ (PhD) သင်တန်းသားများသည် တစ်နှစ်တစ်ကြိမ် သက်တမ်းတိုး လျှောက်ထားရမည် ဖြစ်ပါတယ်။ ယခု တရားရုံး၏ တားမြစ်ချက်သည် အပြီးသတ် ဆုံးဖြတ်ချက် မဟုတ်သေးဘဲ အဆိုပါ အမှုအတွက် နောက်ထပ် တရားရုံး ကြားနာမှုကို လာမည့် အောက်တိုဘာလ ၂ ရက်တွင် ချိန်းဆိုထားပါတယ်။

Source – The Daily Orange