ဖာပွန်ခရိုင်မှာ KNU/KNLA ပူးပေါင်းတပ်က စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်

စက်တင် ၁၆
The Kaladan Post
ကရင်ပြည်နယ်၊ မူတြော် (ဖာပွန်) ခရိုင်အတွင်း ကတိုင်တိနဲ့ ကမမောင်းကြားက စစ်ကောင်စီတပ်စခန်း တစ်ခုကို စက်တင်ဘာ ၁၄ ရက်မှာ KNLA တပ်မဟာ ၅၊ တပ်ရင်း ၁၀၂ နဲ့ ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က MA-1 သေနတ် ၃ လက်အပါအဝင် လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။
အလားတူ စက်တင်ဘာ ၁၃ ရက်ကလည်း စကခ ၁၂ လက်အောက်ခံ ခမရ ၃၅၇ တပ်က အသက် ၄၀ အရွယ် တပ်သားတစ်ဦးဟာ MA-1 သေနတ်တစ်လက်၊ BA-100 ကျည်ဘောက်တစ်ခုနဲ့ လက်နက် ခဲယမ်းတချို့ ယူဆောင်လာပြီး KNLA တပ်ရင်း ၁၀၂ ထံ အလင်းဝင်ခဲ့ကြောင်း သိရပါတယ်။
အလားတူ မကွေးတိုင်း၊ ဆောမြို့နယ်ဘက် ဝင်လာတဲ့ အင်အား ၃၀၀ ဝန်းကျင် စစ်တပ်ပူးပေါင်း စစ်ကြောင်းထဲက စစ်မှုထမ်းတပ်သားသစ် ၆ ဦး စက်တင်ဘာ ၁၂ ရက်မှာ ယူနီဖောင်းတွေချွတ်ပြီး ထွက်ပြေးသွားတယ်လို့ ယောအလင်းတန်းက ပြောဆိုထားပါတယ်။ အဲဒီထွက်ပြေးသွားတဲ့ တပ်သားသစ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ ရောက်ရှိလာခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
#thekaladanpost #KNU #KNLA #မူတြော်ခရိုင် #ဖာပွန်ခရိုင် #မြန်မာ့သတင်း


ဗန်းမော်–ရွှေကူကြား ဧရာဝတီမြစ်အတွင်း စစ်သင်္ဘော ၁ စီး တိုက်ခိုက်ခံရပြီး နစ်မြုပ်

စက်တင် ၁၆
The Kaladan Post
ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူမြို့ကြား ဧရာဝတီမြစ်မှာ ဗန်းမော်ဘက်ကနေ ပြန်လည်စုန်ဆင်းလာ တဲ့ စစ်သင်္ဘော ၇ စီးကို စက်တင်ဘာ ၁၆ ရက် မနက်ပိုင်း KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ် လို့ KIA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း သင်္ဘော ၄ စီး လုံးဝနစ်မြုပ် သွားပြီး ကျန် ၃ စီးကလည်း တစ်ဝက်မြုပ်နေတဲ့အပြင် ဘေးစောင်းအနေအထားနဲ့ ရေဝင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွှေကူမြို့ကနေ ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၃ စီးကို ဝဲမကြီးကျေးရွာ အနီးမှာ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၁ စီးနစ်မြုပ်ပြီး ကျန် ၂ စီး ပြန်လှည့် သွားတယ်လို့ သိရပါတယ်။ အလားတူ စက်တင်ဘာ ၁၄ ရက်ကလည်း ဗန်းမော်ကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတစ်စီးကို KIA ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ နစ်မြုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီလို သင်္ဘောတွေ ဆက်တိုက်တိုက်ခိုက်ခံနေရတာဟာ ဗန်းမော်ဘက်ကို ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ စစ်ကူပို့ဆောင်နေတဲ့ စစ်တပ်ရဲ့ ရေကြောင်းပို့ဆောင်ရေးအပေါ် ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြောင်းအတွင်း စစ်ကောင်စီသင်္ဘော ၁၆ ထက်မနည်း ဖျက်ဆီးခံရပြီဖြစ်ပြီး အဲ့ဒီထဲက သင်္ဘော ၉ စီးဟာ နစ်မြုပ်သွားတာဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
#thekaladanpost #ဗန်းမော် #ရွှေကူ #KIA #ဧရာဝတီမြစ် #စစ်သင်္ဘော

နွားထိုးကြီး ပဲခင်းကြီးရွာက PDF ထုတ်လုပ်ရေးစခန်းတစ်ခု လက်လွှတ်ရ

စက်တင် ၁၆
The Kaladan Post
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် အနောက်မြောက်ခြမ်း ပဲခင်းကြီးကျေးရွာက PDF ထုတ်လုပ်ရေး စခန်းတစ်ခုကို စစ်တပ်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး အဲဒီနေရာမှာ မိုင်းနဲ့ ဒရုန်းဗုံးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေအပြင် မီးစက် ၂ လုံး၊ 4-Wheel ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့ လက်လုပ် ဒရုန်းဗုံးသီး ၈ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်တပ်ထောက်ခံသူတွေဘက်က ထုတ်ပြန် ထားပါတယ်။
ယမန်နေ့ စက်တင်ဘာ ၁၅ ရက် မနက် ၁၀ နာရီကျော်မှာ တံတားဦးဘက်ကနေ အင်အား ၅၀၀ ကျော်နဲ့ ထိုးလာတဲ့ စစ်ကြောင်းထဲက အင်အား ၂၀၀ ကျော်ဟာ ပဲခင်းကြီးကျေးရွာဘက် ရောက်လာပြီးနောက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာကနေ သိမ်းပိုက်ထားတာလို့ သိရပါတယ်။ အဆိုပါ စစ်ကြောင်းဟာ ယနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းအထိ ပဲခင်းကြီးရွာတဝိုက်မှာ ရှိနေဆဲဖြစ်ပြီး အနီးအနား ကျေးရွာတွေဘက် ဆက်လက်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသကာကွယ်ရေးဘက်က ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်အပေါ် နွားထိုးကြီးမြို့နယ် အနောက်မြောက်ခြမ်း ပဲခင်းကြီးကျေးရွာက PDF ထုတ်လုပ်ရေး စခန်းတစ်ခုကို စစ်တပ်က သိမ်းပိုက်သွားတာ ဟုတ်မှန်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက အတည်ပြုထားပြီး လက်ရှိမှာ စစ်ကြောင်းနဲ့ရှုပ်နေလို့ နောက်မှ အသေးစိတ်ထုတ်ပြန်ပေးမယ်လို့ ပြောဆိုထားပါတယ်။
စစ်ကြောင်းဝင်ရောက်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပဲခင်းကြီး၊ ကဒေါင်၊ ကျွန်းဒေါင့်နဲ့ ကျားတွင်းဘိုအပါအဝင် ကျေးရွာ ၁၀ ရွာကျော်က ပြည်သူထောင်ချီဟာ ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အဲ့ဒီဒေသအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ပူးပေါင်းတပ်ဖွဲ့နဲ့ တံတားဦးမြို့နယ် ဘူးရောက်ကျေးရွာတွေအနီးမှာ တိုက်ပွဲဖြစ်ပွားကာ လေကြောင်းရန် ဗိုလ်မှူးကြီးအပါအဝင် စစ်သား ၅ ဦး သေဆုံးခဲ့သလို PDF ပူးပေါင်းတပ်ဘက်ကလည်း ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
#thekaladanpost #နွားထိုးကြီးမြို့နယ် #ပဲခင်းကြီးကျေးရွာ #PDF #စစ်ကြောင်းထိုးမှု
#ပြည်သူများတိမ်းရှောင်မှု

စစ်တပ်ရေယာဥ်ကို လုံခြုံရေးယူပေးနေသည့် Y-12 လေယာဉ် ပစ်ခတ်ခံရပြီး မီးလောင်ပျက်ကျ

စက်တင် ၁၆
The Kaladan Post
ကချင်ပြည်နယ်၊ ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ ဧရာဝတီမြစ်အတွင်း စစ်ကောင်စီတပ်ရေယာဉ်အုပ်စုကို လုံခြုံရေးပေးနေတဲ့ Y-12 အမျိုးအစား စစ်လေယာဉ်တစ်စီးကို စက်တင်ဘာ ၁၆ ရက်မှာ KIA ပူးပေါင်း တပ်တွေက ပစ်ခတ်ခဲ့ရာ လေယာဉ်ထိမှန်ပြီး မီးခိုးထွက်ကာ ပျက်ကျသွားတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ လေယာဉ်ဟာ ရွာတွေနဲ့ဝေးတဲ့ဘက်ကို စောင်းကျသွားခဲ့ပြီး လက်ရှိ မှာ ပျက်ကျတဲ့နေရာကို သွားရောက်ရှာဖွေစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့များ၏ ပစ်ချမှုနှင့် စက်ချွတ်ယွင်းမှုများ ကြောင့် စစ်ကောင်စီ၏ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် စုစုပေါင်း အနည်းဆုံး ၁၀ စင်းထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီဖြစ်ကြောင်းလည်း သိရပါတယ်။ အရပ်သားကို တိုက်ခိုက်ရာတွင် လေကြောင်းကို အဓိကအားကိုးနေရတဲ့ စစ်ကောင်စီစာ ၅ နှစ်နီးပါးကာလအတွင်း Y-12၊ MiG-29၊ FTC-2000G နှင့် Mi-35 ကဲ့သို့သော အဆင့်မြင့် စစ်လေယာဉ်များကိုပါ လက်လွှတ် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
ထို့ပြင် ရွှေကူဘက်ကနေ ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကိုလည်း ယနေ့ စက်တင်ဘာလ ၁၆ ရက်မှာ ဝဲကြီးကျေးရွာအနီးတွင် KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ သင်္ဘောတစ်စီး နစ်မြုပ်ပြီး ကျန်သင်္ဘောတွေ ရွှေကူဘက်ကို ပြန်လှည့်သွားတယ်လို့ သိရပါတယ်။
လက်ရှိ ဗန်းမော်ကို စစ်ကူနဲ့ ရိက္ခာထောက်ပို့ပေးတဲ့စစ်သင်္ဘောဟာ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ခိုက်တိုက်မှုကြောင့် ၁၆ စီးထက်မနည်း ဖျက်ဆီးခံနေရသည့်အပြင် ယနေ့တွင် တိုက်လေယာဥ်ကိုပါ ရှုံးဆုံးခဲ့ရကြောင်း သိရပါတယ်။
#thekaladanpost #KIA #ရွှေကူ #ဗန်းမော် #Y12လေယာဉ် #ဧရာဝတီမြစ်


အကျဉ်းထောင်ဝန်ထမ်း ၃ ဦးလိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရပြီး သေနတ် ၂ လက် သိမ်းဆည်း

စက်တင် ၁၆
The Kaladan Post
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်–သာဂရလမ်းပိုင်းမှာ ဘဝသစ်အကျဉ်းထောင်က လက်ထောက် ကြီးကြပ်ရေးမှူး ၁ ဦး၊ တပ်သား ၁ ဦးနဲ့ အကျဉ်းထောင်တန်းစီး ၁ ဦး လိုက်ပါလာတဲ့ကားတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဩဂုတ် ၂၈ ရက်မှာ တားဆီးစစ်ဆေးဖို့ ကြိုးစားခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၅ တပ်ရင်းက အသိပေးလာပါတယ်။ အဆိုပါကားဟာ ရပ်တန့်စစ်ဆေးတာကို မခံဘဲ မောင်းနှင် ထွက်ပြေးသွားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၃ ဦးစလုံး သေဆုံးခဲ့ပြီး MA-12 သေနတ် ၁ လက်၊ MA-11 သေနတ် ၁ လက်နဲ့ ကျည်ဆံတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၅ တပ်ရင်းက ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး သေဆုံးသူ ၃ ဦးဟာ ဘဝသစ်အကျဉ်းထောင်ကနေ ဖဲဝိုင်းတစ်ခုက ပြန်လာချိန် တိုက်ခိုက်ခံရတာဖြစ်ကြောင်း သိရပါတယ်။
#thekaladanpost #ဆင်ပေါင်ဝဲ #ကိုးပင်သာဂရလမ်း #သရက်ခရိုင်အမှတ်၅တပ်ရင်း
#ဘဝသစ်အကျဉ်းထောင်


ကင်းချိန်းထွက်လာတဲ့ ရဲတပ်သား ၂ ဦး တိုက်ခိုက်ခံရပြီး သေဆုံး G3 သေနတ် ၁ လက် သိမ်းဆည်း

စက်တင် ၁၆
The Kaladan Post
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် သက္ကယ်ကျင်းကျေးရွာအထိုင်ဂိတ်ကနေ ပရပ်ကြယ်ရဲစခန်းဘက် ကို ဆိုင်ကယ်နဲ့ ကင်းချိန်းထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂ ဦးကို စက်တင်ဘာ ၁၃ ရက် မနက် ၇ နာရီဝန်းကျင်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်တွင်းကြီးမြို့နယ် ပကဖ-ပုဏ္ဏဝတီတပ်ဖွဲ့က အသိပေးလာပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲတပ်သား ၂ ဦးစလုံး သေဆုံးခဲ့ပြီး G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၉ တောင့်နဲ့ ဖုန်းတစ်လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို တောင်တွင်းကြီးမြို့နယ် ပကဖ-ပုဏ္ဏဝတီတပ်ဖွဲ့၊ မကွေးတောင်ပိုင်းပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ Eagle Column၊ ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေးတောင်တွင်းကြီး အထူးပြောက် ကျားတပ်ဖွဲ့နဲ့ တောင်တွင်းကြီး Rocket Fighter အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
#thekaladanpost #တောင်တွင်းကြီးမြို့နယ် #မကွေးတိုင်း #ပကဖ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နေပြည်တော်ကို ရောက်လာတဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ တစ်ရက်အကြာတွင် ပြန်လည်ထွက်ခွာ

စက်တင် ၁၆
The Kaladan Post
အမေရိကန်က ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းမှာ နေပြည်တော်ကို အထူးလျှို့ဝှက်စွာ ရောက်ရှိလာပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းမှာ ပြန်လည်ထွက်ခွာသွားတယ်လို့ စစ်တပ်ထောက်ခံ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။ ခရီးစဉ်ဟာ တစ်ရက်ခန့်သာကြာမြင့် ခဲ့ပြီး အဖွဲ့ဝင်တွေ ဘယ်သူတွေပါဝင်ခဲ့သလဲနဲ့ မြန်မာဘက်က ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ အသေးစိတ်ကို လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လေကြောင်းမှတ်တမ်းတွေမှာတော့ အမေရိကန်လေတပ်ရဲ့ Beech C-12D Huron အမျိုးအစား 83-0498 လေယာဉ်ကို SPAR14 ခေါ်ဆိုမှုနဲ့ အသုံးပြုခဲ့ပြီး နေပြည်တော်ကနေ ဘန်ကောက် ဒွန်မောင်းလေဆိပ်ဘက်ကို ထွက်ခွာသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာစစ်အာဏာပိုင်ဘက်က အမေရိကန်နဲ့ ဆက်ဆံရေးပြန်လည်တိုးမြှင့်ဖို့ ကြိုးပမ်းနေချိန်မှာ ဖြစ်ပေါ်လာတာလို့ သတင်းရင်းမြစ်က ထောက်ပြ ပြောဆိုထားပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရဘက်က ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အများပြည်သူသိရှိနိုင်အောင် တရားဝင်ရှင်းလင်းချက် မထုတ်ပြန်ထားသေးတာကြောင့် ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို တိတိကျကျ မပြောနိုင်သေးပါဘူး။
စစ်တပ်က အမေရိကန်နှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်လာစေရန်ဆိုပြီး အမေရိကန်လော်ဘီ ကုမ္ပဏီများနှင့် နိုင်ငံရေးအကြံပေးများကို ဒေါ်လာသန်းချီ အသုံးပြုကာ ငှားရမ်းထားတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့သလို အဆိုပါကုမ္ပဏီထည့်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစိ အခြေစိုက် DCI Group AZ, LLC လော်ဘီကုမ္ပဏီကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ သန်းဖြင့် ငှားရမ်းတာဖြစ်ပြီး McKeon Group, Inc. ကိုလည်း ၆ လအတွက် တစ်လလျှင် ဒေါ်လာ ၆၀,၀၀၀ ခန့်ဖြင့် စာချုပ်ချုပ်ဆိုထားကြောင်းလည်း သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ #thekaladanpost #အမေရိကန် #နေပြည်တော် #မြန်မာနိုင်ငံ #USMyanmar