ဇွန် ၁၃၊ ၂၀၂၆

The Kaladan Post

 

ကမ္ဘာကျော် ဘီလီယံနာ အီလွန်မတ်စ်ရဲ့ SpaceX ကုမ္ပဏီက စံချိန်တင် ပြုလုပ်ခဲ့တဲ့ ရှယ်ယာဦးဦးဖျားဖျား ရောင်းချမှု (IPO) မှာ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေဘက်က အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံကျော် (ယန်း ၁ ထရီလီယံကျော်) ဖိုးအထိ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့သူ အများစုဟာ အခြေခံ ရင်းနှီးမြှုပ်နှံသူတွေ (Retail Investors) ဖြစ်တယ်လို့ ဒီလုပ်ငန်းစဉ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ ဝယ်လိုအားဟာ ရောင်းချမယ့် ပမာဏထက် အဆမတန် များပြားနေတာကြောင့် ဂျပန်ရင်းနှီးမြှုပ်နှံသူတွေဟာ နောက်ဆုံးမှာတော့ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံဖိုးလောက်သာ ခွဲတမ်းရရှိခဲ့တယ်လို့ သောကြာနေ့က ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

SpaceX ကုမ္ပဏီဟာ အခု IPO ကနေ စုစုပေါင်း ရန်ပုံငွေ ဒေါ်လာ ၇၅ ဘီလီယံအထိ ရရှိခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘာ့သမိုင်းမှာ အကြီးဆုံး အများပိုင်ရှယ်ယာ ရောင်းချမှုလည်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ဒေါ်လာ ၂၅၀ ဘီလီယံဖိုးလောက်အထိ ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေ ရရှိခဲ့တာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာ ဒီရှယ်ယာရောင်းချမှုကို တစ်ဦးတည်းသော တာဝန်ခံအဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ Mizuho Securities ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “ကျွန်တော်တို့ရဲ့ စစ်တမ်းတွေအရ ဂျပန်နိုင်ငံက ဖောက်သည် ၁,၀၀၀ ကျော်ဟာ ရှယ်ယာဝယ်ယူဖို့အတွက် တစ်ဦးကို ယန်း သန်း ၁၀၀ (ဒေါ်လာ ၆ သိန်းကျော်) အထက် အဆိုပြုခဲ့ကြပြီး တချို့ဆိုရင် ယန်း ၁၀ ဘီလီယံကျော်အထိတောင် ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ကြပါတယ်” လို့ ဆိုပါတယ်။

အခုလို SpaceX ရှယ်ယာတွေအပေါ် ဂျပန်ရင်းနှီးမြှုပ်နှံသူတွေကြား အုတ်အော်သောင်းနင်း စိတ်ဝင်စားနေတာဟာ အီလွန်မတ်စ်ရဲ့ အာကာသနဲ့ နည်းပညာလုပ်ငန်းတွေအပေါ် ယုံကြည်မှု ဘယ်လောက်မြင့်မားသလဲဆိုတာကို ပြသနေတာဖြစ်တယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ထားကြကြောင်း သိရှိရပါတယ်။

Source: Reuters (Anton Bridge and Miho Uranaka)