ဩဂုတ် ၇၊ ၂၀၂၆
The Kaladan Post
၂၀၁၄ ခုနှစ်က ပျောက်ဆုံးသွားခဲ့သည့် ကျောင်းသား ၄၃ ဦး၏ သဲလွန်စ အထောက်အထားများကို ဖျက်ဆီးရန် စေခိုင်းခဲ့မှုဖြင့် မက္ကဆီကိုနိုင်ငံ ဂွာရဲရိုး (Guerrero) ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အိန်ဂျယ် အာဂီရေး (Angel Aguirre) အား ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များက ကြာသပတေးနေ့ (ဩဂုတ်လ ၆ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။
အာဂီရေးသည် တရားဥပဒေ စိုးမိုးရေးကို ဟန့်တားမှုနှင့် အတင်းအဓမ္မ ပျောက်ကွယ်စေမှု စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရှေ့နေချုပ် အာနက်စတီနာ ဂိုဒွိုင်း (Ernestina Godoy) က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ ရှေ့နေချုပ်က “အထောက်အထားသစ်တွေနဲ့ တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ ဆန်းစစ်ချက်တွေက ကျောင်းသားတွေရဲ့ တည်နေရာကို ဖော်ထုတ်ပေးနိုင်မယ့် အထောက်အထားတွေကို ဖျက်ဆီးရာမှာ ဂွာရဲရိုး ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း အိန်ဂျယ် ရဲ့ ပါဝင်ပတ်သက်နိုင်ခြေ ရှိမှုကို အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။
ယခုနှစ် ဇန်နဝါရီနှင့် မေလများတွင် ရရှိခဲ့သည့် သက်သေအသစ်များအရ အာဂီရေးသည် အရာရှိများနှင့် တွေ့ဆုံစဉ် သက်သေများကို ဖျက်ဆီးရန် စေခိုင်းခဲ့ကြောင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။ အစောပိုင်းက ပြည်နယ် အာဏာပိုင်များက CCTV မှတ်တမ်းများ မရှိဟု ငြင်းဆိုခဲ့သော်လည်း ခြိမ်းခြောက်ခံရမှုကြောင့် နှုတ်ဆိတ်နေခဲ့သည့် သက်သေတစ်ဦး ယခုနှစ်တွင် ထွက်ဆိုလာခဲ့တာ ဖြစ်ပါတယ်။
သီးခြားလွတ်လပ်သော စုံစမ်းရေးအဖွဲ့မှ အန်ဂျလာ ဘူထရာဂို (Angela Buitrago) က “ဒါဟာ ပြည်နယ် သို့မဟုတ် ဖက်ဒရယ် အာဏာပိုင်တွေက ကျူးလွန်တာပဲဖြစ်ဖြစ် နိုင်ငံတော် အဆင့် ပြစ်မှုတစ်ခု ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ အိုင်ယော့ဇီနာပါ (Ayotzinapa) ဆရာအတတ်သင် ကောလိပ်မှ အဆိုပါ ကျောင်းသား ၄၃ ဦးသည် မက္ကဆီကိုမြို့တော်ရှိ ဆန္ဒပြပွဲသို့ သွားစဉ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းထားသည့် ရာဇဝတ်ဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ရုပ်အလောင်း ၃ ခုကိုသာ စိစစ်ဖော်ထုတ်နိုင်သေးပါတယ်။
Source – Reuters