ဩဂုတ် ၁၅၊ ၂၀၂၆
The Kaladan Post
စံချိန်တင် ကြန့်ကြာမှုများ ခဲ့ရပြီးနောက် ကာကွယ်ရေးအတွက် အဓိက လိုအပ်သည့် ဒရုန်း အစီအစဉ် အသုံးစရိတ်များ ပါဝင်သော ယခုနှစ်အတွက် နိုင်ငံတော် ဘတ်ဂျက်ကို ထိုင်ဝမ် အတိုက်အခံ လွှတ်တော်က သောကြာနေ့ နှောင်းပိုင်း (ဩဂုတ်လ ၁၄ ရက်) တွင် အတည်ပြုလိုက်ပါတယ်။
လွှတ်တော်အမတ်များသည် အဆိုပြုထားသည့် စုစုပေါင်း ဘတ်ဂျက် ထိုင်ဝမ်ဒေါ်လာ ၃.၀၃၄ တရီလီယံ (အမေရိကန်ဒေါ်လာ ၉၄.၇၉ ဘီလီယံ) ထဲမှ ထိုင်ဝမ်ဒေါ်လာ ၄၈ ဘီလီယံကို လျှော့ချခဲ့ကြသော်လည်း တရုတ်ကို ဟန့်တားနိုင်ရေး စစ်တပ်အား ခေတ်မီစေရန် ရည်ရွယ်သည့် ဒရုန်းစနစ်များအတွက် ဒေါ်လာ ၆၃.၄ ဘီလီယံ အသုံးစရိတ်ကိုမူ လျှော့ချခြင်းမရှိဘဲ အတည်ပြုခဲ့ကြပါတယ်။
သမ္မတ လိုင်ချင်းတဲ (Lai Ching-te) က “ဘတ်ဂျက် စိစစ်မှုဟာ ကျွမ်းကျင်မှု၊ အကြောင်းအရင်း ခိုင်လုံမှု၊ မျှတမှု ရှိရေး မူဝါဒတွေဆီ ပြန်သွားသင့်ပြီး နိုင်ငံရေး ကွဲပြားမှုတွေကြောင့် နိုင်ငံတော်ရဲ့ ပုံမှန် လည်ပတ်မှုကို မထိခိုက်စေသင့်ပါဘူး” ဟု ထုတ်ပြန်ထားပါတယ်။ ကြာသပတေးနေ့တွင် တင်ပြမည့် လာမည့်နှစ် ဘတ်ဂျက်တွင် ကာကွယ်ရေး အသုံးစရိတ် ၁၆ ရာခိုင်နှုန်း တိုးမြှင့်မည့် အစီအစဉ် ပါဝင်မည် ဖြစ်ပါတယ်။
အကြီးဆုံး အတိုက်အခံပါတီ ဖြစ်သည့် ကူမိုတန် (Kuomintang) ပါတီမှ ဖူခွန်းချီ (Fu Kun-chi) က ဘတ်ဂျက် စုစုပေါင်း၏ ၉၈.၄ ရာခိုင်နှုန်းကို အတည်ပြုပေးခဲ့ခြင်းမှာ “နိုင်ငံတော် ပုံမှန် လည်ပတ်နိုင်ဖို့အတွက်” ဖြစ်ပြီး အတိုက်အခံ ပါတီများဘက်က “စေတနာကောင်း” (great goodwill) ပြသခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ ဖေ့စ်ဘုတ်ချဝဘ် စာမျက်နှာတွင် ရေးသားထားပါတယ်။
Source – Reuters