အင်းတော်မြို့နယ် တချို့နေရာများမှ တော်လှန်ရေးတပ်များ ဆုတ်ခွာရ

ဇူလိုင် ၆
The Kaladan Post
စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အပြင်းအထန်အသုံးပြုတဲ့ ထိုးစစ်တွေကြောင့် အင်းတော်မြို့နယ်အတွင်းရှိ မဲဇာနဲ့ နန့်သဲကျေးရွာတွေကနေ တော်လှန်ရေးတပ်တွေ ယာယီဆုတ်ခွာ ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါပေမယ့် ကသာမြို့အနီးက စစ်တပ်စခန်းတွေကို တန်ပြန်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာတော့ စစ်တပ် ဘက်က အရာရှိအချို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော် တွေက ဆိုပါတယ်။”
အင်းတော်နဲ့ မော်လူးဒေသတွေမှာ စစ်ကောင်စီတပ်က နယ်မြေပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပြီး ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီး တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေဘက်ကတော့ ပြည်သူလူထု ထိခိုက်မှုနည်းစေဖို့နဲ့ အနာဂတ်စစ်ဆင်ရေးတွေ အတွက် အင်အားစုဆောင်းနိုင်ဖို့ နည်းဗျူဟာအရ ဆုတ်ခွာခဲ့တာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားထားပါတယ်။
လက်ရှိမှာ အင်းတော်၊ မော်လူးနဲ့ ကသာ-ရွှေကူဆက်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေပြီး စစ်ရေးတင်းမာမှု မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
#အင်းတော်တိုက်ပွဲ#ကသာစစ်ရေး#စစ်ကိုင်းတိုင်း#တော်လှန်ရေးတပ်ဖွဲ့များ#မြန်မာစစ်ရေးသတင်း

ဖမ်းဆီးထားသူများကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု ကျူးလွန်ခဲ့ဟု ဖမ်းဆီးခံ စစ်သားများ ဝန်ခံ

ဇူလိုင် ၆
The Kaladan Post
မကွေးတိုင်း ပေါက်မြို့နယ်ရှိ ကုက္ကိုစုပျူစောထီးကျေးရွာကို သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိသော စစ်သား၊ ရဲနှင့် ပျူစောထီးများအား စစ်ဆေးရာတွင် အရပ်သားများနှင့် ပကဖရဲဘော်များအပေါ် စစ်ရာဇဝတ်မှုဆန်သည့် လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) က ယမန်နေ့ ဇူလိုင်လ ၅ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဆီးခံရသူများသည် အရပ်သားနှင့် ပကဖရဲဘော် စုစုပေါင်း ၉ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ အနက် ၂ ဦးမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ဖမ်းဆီးခံ စစ်ကောင်စီ စစ်သားများနှင့် ပျူစော့ထီးများက ထွက်ဆိုခဲ့ကြောင်း ပကဖ၏ အသိပေးထားချက်အရ သိရပါတယ်။
ထို့ပြင် အရပ်သား ၂ ဦးကို ကျေးကျွန်သဖွယ် အတင်းအကျပ် ခိုင်းစေထားခဲ့ကြောင်းနှင့် ပကဖရဲဘော် ၂ ဦးကိုလည်း ဖမ်းဆီးနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထား ပါတယ်။ ဇွန်လအတွင်း ကာကွယ်ရေးပူးပေါင်းတပ်များက ကုက္ကိုစုပျူရွာအား သိမ်းပိုက်ရာတွင် ရဲ ၆ ဦး အလင်းဝင်ခဲ့ပြီး စစ်သုံ့ပန်း ၆၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ဖမ်းဆီးရမိသူများနှင့် အရပ်သားများကို NUG ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ အခြေခံ လူ့အခွင့်အရေးနှင့် စစ်သုံ့ပန်းဥပဒေများနှင့်အညီ အဆင့်အလိုက် ထိန်းသိမ်းထားကြောင်း ပေါက်ပကဖ က အသိပေးထားပါတယ်။
တော်လှန်ရေးအင်အားစုများက စစ်သုံ့ပန်းများအား ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်နေကြောင်း ထပ်မံအတည်ပြုထားပြီး စစ်ကောင်စီအား ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။
#ပေါက်မြို့နယ်#ကုက္ကိုစုပျူစောထီးရွာ#စစ်သုံ့ပန်း#ပေါက်ပကဖ#မကွေးတိုင်း


သဲကုန်းမြို့ စစ်တပ်ဂိတ်ကို PDF ပူးပေါင်းတပ် ဝင်တိုက်၊ စစ်သား ၅ ဦးသေဆုံး

ဇူလိုင် ၆
The Kaladan Post
ပဲခူးတိုင်း၊ သဲကုန်းမြို့ရှိ စစ်တပ်ဂိတ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကူအင်အား အလျင်အမြန် ထပ်ဖြည့်လာတာကြောင့် တော်လှန်ရေးတပ်တွေဟာ ဂိတ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ နည်းဗျူဟာအရ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
ပြန်လည်ဆုတ်ခွာချိန်မှာ နောက်ကာကွယ်ပစ်ခတ်ပေးခဲ့တဲ့ တပ်စုမှူး ရဲဘော်ရန်ကြီးအောင်ဟာ ဦးခေါင်းကျည်ထိမှန်ပြီး ကျဆုံးခဲ့သလို တော်လှန်ရေးရဲဘော်တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ၂၁ ကွပ်ကဲမှု့အောက်ရှိ ပြည်ခရိုင် တပ်ရင်း ၁ တပ်ရင်းရုံး ၊တပ်ခွဲ ၁ ၊ တပ်ခွဲ ၄ ၊တပ်ခွဲ ၅ ၊ ပြည်ခရိုင် ပကဖ အထူး တိုက်ခိုက်ရေးအဖွဲ့ နှင့် ပြည်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၄ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သဲကုန်းမြို့အနီးတစ်ဝိုက်မှာ စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိ နေတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
#သဲကုန်းမြို့ #ပြည်ခရိုင်PDF#ပဲခူးတိုင်း#တော်လှန်ရေးတပ်ဖွဲ့#စစ်ရေးသတင်း

ရေစကြိုအပါအဝင် မြို့အများအပြားရှိ ဗိုလ်ချုပ်ကြေးရုပ်များ ဆက်တိုက်ဖြိုဖျက်နေ

ဇူလိုင် ၆
The Kaladan Post
မကွေးတိုင်း ရေစကြိုမြို့အပါအဝင် မြို့အများအပြားမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်များရဲ့ ကြေးရုပ်တွေကို စစ်တပ်က ဆက်တိုက်ဖြိုဖျက်ဖယ်ရှားနေတယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇူလိုင် ၅ ရက်ညပိုင်းက ရေစကြိုမြို့ ရုံပေါင်းစုံဝင်းအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ကို တိတ်တဆိတ် ဖြိုချပြီး မိုးကာအုပ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
အာဇာနည်နေ့မတိုင်ခင် ဗိုလ်ချုပ်ကြေးရုပ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖယ်ရှားနေပြီး အချို့နေရာတွေမှာ မြေမြှုပ်ဖို့ပါ ညွှန်ကြားထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။
ဇွန်လကစပြီး တောင်ငူ၊ ပဲခူး၊ ရေဦး၊ တောင်ဥက္ကလာပ၊ သာကေတနဲ့ ကျုံပျော်တို့အပါအဝင် မြို့အများအပြားမှာလည်း ဗိုလ်ချုပ်ကြေးရုပ်တွေ ဆက်တိုက်ဖြိုဖျက်ခံခဲ့ရကြောင်း သိရပါတယ်။
အဆိုပါ ကြေးရုပ်အများစုဟာ NLD အစိုးရလက်ထက်မှာ ပြည်သူတွေရဲ့ ထည့်ဝင်ငွေနဲ့ စိုက်ထူခဲ့တာ ဖြစ်ပြီး ယခုလို ဆက်တိုက်ဖယ်ရှားခံရမှုအပေါ် လူထုအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ဒေသခံတွေနဲ့ သတင်းရင်းမြစ်အချို့ရဲ့ ပြောကြားချက်အရ ယခုလုပ်ဆောင်မှုတွေရဲ့ နောက်ကွယ် အကြောင်းရင်းနဲ့ ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်နေ ပါတယ်။
လက်ရှိအချိန်အထိ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်ကတော့ အဆိုပါ ကြေးရုပ်ဖယ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တရားဝင်ရှင်းလင်းချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရပါတယ်။
#ဗိုလ်ချုပ်အောင်ဆန်း#ရေစကြို#အာဇာနည်နေ့#ကြေးရုပ်ဖယ်ရှားမှု#မြန်မာနိုင်ငံ


ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၁၁ ဦး သတ်ဖြတ်ခဲ့သူ ပျူစောထီးတစ်ဦး ဖမ်းဆီးခံရ

ဇူလိုင် ၆
The Kaladan Post
မကွေးတိုင်း ဂန့်ဂေါမြို့နယ် လယ်မကျေးရွာမှာ ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၁၁ ဦး သတ်ဖြတ် ခံခဲ့ရတဲ့ ဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့ ဆိုထားတဲ့ ပျူစောထီး ချစ်စနိုးကို (ခ) မဲကြီးကို ဖမ်းဆီးထိန်းသိမ်း ခဲ့တယ်လို့ Black Dragon Force က ဇူလိုင် ၆ ရက် နံနက်ပိုင်း အသိပေးလာပါတယ်။
ဖမ်းဆီးခံရသူဟာ ပျူစောထီးခေါင်းဆောင် ဖိုးဇော်ရဲ့ တပည့်ဖြစ်ပြီး ၂၀၂၅ ခုနှစ် မေလအတွင်း လယ်မကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ရေမျက်နီကျေးရွာကို ရိက္ခာပို့ဆောင်တဲ့ စစ်ကြောင်းနဲ့ ဂန့်ဂေါမြို့အဝင် We Love Gangaw တံတား စစ်ဆေးရေးဂိတ်မှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ ၎င်းက ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူကို Black Dragon Force က ထိန်းသိမ်းထားပြီး ဖြစ်စဉ်နဲ့ပတ်သက်တဲ့ စစ်ဆေးမေးမြန်းမှုတွေကို ဆက်လက်ပြုလုပ်နေတယ်လို့ တပ်ဖွဲ့က ပြောဆိုပါတယ်။
တော်လှန်ရေးအဖွဲ့ဘက်ကတော့ စုံစမ်းစစ်ဆေးမှုရလဒ်တွေအပေါ် အခြေခံပြီး ဥပဒေနဲ့အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
#ဂန့်ဂေါမြို့နယ်#BlackDragonForce#လယ်မကျေးရွာ#ပျူစောထီး#မြန်မာသတင်း

စစ်ကိုင်းတွင် စစ်ယာဉ်တန်းလုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

ဇူလိုင် ၆
The Kaladan Post
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ သို့ သွားရောက်တဲ့ စစ်ယာဉ်တန်း လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုင်းထိမှန်သူတွေကို ပြည်သူပိုင် Light Truck ယာဉ်အသုံးပြုပြီး စစ်ကိုင်းမြို့အတွင်းသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါစစ်ဆင်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပြီး လိုအပ်တဲ့ ခဲယမ်းနဲ့ စစ်ဆင်ရေးအထောက်အပံ့တွေအတွက် ပြည်သူတွေရဲ့ ဝိုင်းဝန်းကူညီပံ့ပိုးမှုကိုလည်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
#စစ်ကိုင်းမြို့#လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့#မိုင်းဆွဲတိုက်ခိုက်မှု#စစ်ယာဉ်တန်း

စစ်သင်္ဘောများ သွားလာနေ၍ ချင်းတွင်းမြစ်ကမ်းဘေးပြည်သူများ အထူးသတိထားရန် သတိပေး

ဇူလိုင် ၆
The Kaladan Post
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စစ်ကောင်စီက စစ်သင်္ဘောတွေနဲ့ လက်နက်၊ ခဲယမ်းနဲ့ ရိက္ခာတွေ သယ်ယူပို့ဆောင်နေတာကြောင့် မြစ်ကမ်းဘေးကျေးရွာနေ ပြည်သူတွေအနေနဲ့ လုံခြုံရေးကို အထူး သတိထားကြဖို့ ဟုမ္မလင်းမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးဗဟိုအဖွဲ့က တိုက်တွန်းထားပါတယ်။
စစ်သင်္ဘောတွေ ဖြတ်သန်းသွားလာစဉ် မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်တာ၊ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတွေကနေ ဗုံးကြဲတာတွေကြောင့် အရပ်သားတွေရဲ့ အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ မုံရွာကနေ ထွက်ခွာလာတဲ့ စစ်သင်္ဘောတွေနဲ့ ဖလက်မော်တော်အများအပြား ကနီမြို့အနီး ရောက်ရှိနေပြီး ကင်းထောက်ဒရုန်းတွေလည်း ပျံသန်းနေတဲ့အတွက် အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒုတိယအသုတ်အဖြစ် စစ်သင်္ဘောတွေ ထပ်မံထွက်ခွာလာနေပြီး မြစ်ကြောင်းတစ်လျှောက် ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းနဲ့ လုံခြုံတဲ့နေရာတွေမှာသာ နေထိုင်ကြဖို့ သတင်းရင်းမြစ်က သသတိပေးထားပါတယ်။
#ချင်းတွင်းမြစ်ကြောင်း#စစ်သင်္ဘော#ဟုမ္မလင်း#ကနီမြို့#မြန်မာသတင်း