ဇွန် ၁၇၊ ၂၀၂၆
The Kaladan Post
ဖိလစ်ပိုင်အထက်လွှတ်တော်မှာ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ အနီးကပ်လူယုံဖြစ်သူကို လွှတ်တော်ဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားလိုက်ပြီး ခေါင်းဆောင်သစ်တစ်ဦးကို ဇွန်လ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) မှာ ရွေးချယ်တင်မြှောက်လိုက်တယ်လို့ သိရပါတယ်။ ဒါဟာ ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို ရာထူးကနေ ဖယ်ရှားဖို့ စွဲချက်တင်စစ်ဆေးမယ့် (Impeachment trial) လုပ်ငန်းစဉ် မစတင်ခင် သီတင်းပတ်အနည်းငယ်အလိုမှာပဲ ဖြစ်ပေါ်လာတာပါ။
အခုကျင်းပတဲ့ အထူးအစည်းအဝေးအတွင်းမှာ အထက်လွှတ်တော်အမတ် ရှာဝင် ဂတ်ချာလီယန် (Sherwin Gatchalian) ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် မဲပေးရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကတည်းက ဂတ်ချာလီယန် ဦးဆောင်တဲ့ အုပ်စုက လွှတ်တော်ရဲ့ ထိပ်တန်းရာထူးတွေ လစ်လပ်နေပြီလို့ ကြေညာခဲ့ပြီးနောက် အခုမှသာ အစားထိုးခန့်အပ်မှုကို အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။
ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ အလန် ပီတာ ကာယေတာနို (Alan Peter Cayetano) ဟာ ပြီးခဲ့တဲ့လကမှ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။ သူနဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ အဆိုပါ အစည်းအဝေးကိုတော့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အရေးကြီးတဲ့ ဥပဒေကြမ်းတွေကို အမြန်ဆုံး အတည်ပြုနိုင်ဖို့အတွက် အရေးပေါ် ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အစည်းအဝေး တက်ရောက်လာတဲ့ အမတ် ၁၃ ဦးစလုံးက ဂတ်ချာလီယန်ကို ထောက်ခံမဲ ပေးခဲ့ကြတာ ဖြစ်ပါတယ်” လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဖိလစ်ပိုင် အထက်လွှတ်တော်မှာ စုစုပေါင်း အမတ် ၂၄ ဦး ရှိတာ ဖြစ်ပါတယ်။
ဒီခေါင်းဆောင်မှု အငြင်းပွားမှုဟာ ပြီးခဲ့တဲ့လက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က ဝရမ်းထုတ်ထားတဲ့ အမတ် ရော်နယ် ဘာတို ဒီလာ ရိုဆာ (Bato dela Rosa) ရုတ်တရက် ပြန်လည်ပေါ်လာပြီး ကာယေတာနိုကို မဲပေးရွေးချယ်ခဲ့ရာကနေ စတင်ခဲ့တာပါ။ အဲဒီတုန်းက ဒုတိယသမ္မတ ဆာရာဒူတာတေးအပေါ် စွဲချက်တင်ဖို့ ပြင်ဆင်နေချိန်မှာ သူမကို အကာအကွယ်ပေးဖို့အတွက် အခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြကြောင်း သိရှိရပါတယ်။
Source: Reuters