ဩဂုတ် ၂၈၊ ၂၀၂၆
The Kaladan Post
နီပေါ-တိဘက် နယ်စပ်အနီး ရေခဲမြစ် ပြိုကျမှုကြောင့် ရုတ်တရက် ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့ရာ နီပေါနိုင်ငံတွင် လူ ၃၈၉ ဦး သေဆုံးခဲ့ပြီး နီပေါနှင့် အိမ်နီးချင်း တိဘက်တို့တွင် ပြည်ပနိုင်ငံသားများ အပါအဝင် လူ ၁,၀၀၀ နီးပါး ပျောက်ဆုံးနေကြောင်း သောကြာနေ့ (ဩဂုတ်လ ၂၈ ရက်) တွင် အာဏာပိုင်များက ထုတ်ပြန်လိုက်ပါတယ်။
ပျောက်ဆုံးနေသူများအနက် နီပေါတွင် ၅၄၀ ဦးနှင့် တိဘက် ဂိုင်ရုန်း (Gyirong) ခရိုင်တွင် ၂၆၀ ဦးမှာ နိုင်ငံခြားသားများ ဖြစ်ကြပါတယ်။ တိဘက်ဘက်ခြမ်းသို့ တရုတ်ဝန်ကြီးချုပ် လီချင်း (Li Qiang) ကိုယ်တိုင် ရောက်ရှိလာခဲ့သလို သစ်ပင် မြေသားများ ပိတ်ဆို့၍ ဖြစ်ပေါ်လာသည့် ရေကန်ကြီး ကျိုးပေါက်ကာ နောက်ထပ် ရေကြီးရေလျှံမှုများ ထပ်မံ ဖြစ်ပွားမည်ကိုလည်း စိုးရိမ်နေရပါတယ်။
နီပေါ ဝန်ကြီးချုပ် ဘာလန်ဒရာ ရှာဟ် (Balendra Shah) က “အစိုးရ အေဂျင်စီ အားလုံးဟာ အပြည့်အဝ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံး ဦးစားပေးကတော့ နိုင်ငံသားတိုင်းရဲ့ အသက်ကို ကယ်ဆယ်ဖို့၊ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့နဲ့ ထိခိုက်သူတွေကို ချက်ချင်း ကူညီဖို့ပါပဲ” ဟု ပြောကြားခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့များသည် ဟာလီကော့ပတာများ၊ စနိဖာ ခွေးများနှင့် စက်ယန္တရားကြီးများကို အသုံးပြု၍ ရှာဖွေလျက် ရှိပါတယ်။
အသက်ရှင်ကျန်ရစ်သူ ဂျာနက်ခ် ဗာဟာဒူး က “ရေတွေဟာ ရုတ်တရက် ရောက်လာပြီး ဗုံးတစ်လုံး ပေါက်ကွဲလိုက်သလိုပါပဲ” ဟု ပြောပြခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကလည်း အမေရိကန်ဘက်မှ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ပေးနေကြောင်း ထုတ်ပြန်ထားပါတယ်။
Source – Reuters