ဇွန် ၂၄၊ ၂၀၂၆
The Kaladan Post
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ သူတို့နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ ရေတပ်နဲ့ နျူကလီးယားစွမ်းရည် ပြယုဂ်အဖြစ် တန်ချိန် ၅,၀၀၀ ရှိတဲ့ ဖျက်သင်္ဘော (Destroyer) သစ်တစ်စင်းကို အောင်မြင်စွာ တပ်တော်ဝင်လိုက်ပြီဖြစ်ကြောင်း အစိုးရပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ ဒါဟာ ပင်လယ်ပြင်မှာ စစ်ရေးအင်အားချဲ့ထွင်ဖို့ ပြုံယမ်းအစိုးရရဲ့ အကြီးမားဆုံး ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါတယ်။
အင်္ဂါနေ့က နိုင်ငံအနောက်ဘက် နမ်ဖို (Nampo) ဆိပ်ကမ်းမှာ ကျင်းပခဲ့တဲ့ တပ်တော်ဝင်အခမ်းအနားမှာ ခေါင်းဆောင်ကင်ဂျုံအွန် ကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး [မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA)] က “ချွဲဟွန် (Choe Hyon) အမည်ရ အဆိုပါစစ်သင်္ဘောသစ်ကို အခမ်းအနားအပြီးမှာ မြောက်ကိုရီးယားရေတပ်ထံ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ပြီး နိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းကို ကာကွယ်ရန် တာဝန်ပေးအပ်သွားမည် ဖြစ်ပါသည်။ ဤသင်္ဘောကဲ့သို့သော စစ်ရေးစွမ်းရည်များက ရေတပ်အား နျူကလီးယားလက်နက် တပ်ဆင်ရေးစီမံကိန်းများ မှန်ကန်စွာ တိုးတက်နေကြောင်းကို ပြသနေပါသည်။” လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။
ဒီစစ်သင်္ဘောကို ၂၀၂၅ ခုနှစ် ဧပြီလမှာ စတင်မိတ်ဆက်ခဲ့ကတည်းက ကင်ဂျုံအွန်က သူတို့ရဲ့ စစ်ဆင်ရေးနယ်ပယ် ချဲ့ထွင်မှုနဲ့ ကြိုတင်လက်ဦးမှုရယူ တိုက်ခိုက်နိုင်စွမ်း (Preemptive strike) တွေအတွက် အဓိကခြေလှမ်းအဖြစ် ပုံဖော်ခဲ့တာပါ။ ချွဲဟွန် စစ်သင်္ဘောပေါ်မှာ လေယာဉ်ပစ်လက်နက်တွေ၊ သင်္ဘောဖျက်လက်နက်တွေအပြင် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည်စနစ်တွေ အပြည့်အစုံ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားတာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေကတော့ ဒီသင်္ဘောဟာ နိုင်ငံရေးအရ ပိုမိုနီးကပ်လာတဲ့ ရုရှားရဲ့ နည်းပညာအကူအညီနဲ့ တည်ဆောက်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
အင်္ဂါနေ့က ကျင်းပတဲ့ အခမ်းအနားမှာ ခေါင်းဆောင် ကင်ဂျုံအွန် က “ကျွန်တော်တို့ ရေတပ်ဟာ ကမ်းရိုးတန်းနားလောက်ကိုပဲ ကာကွယ်ရတဲ့ အင်အားစုအဖြစ် တည်ရှိနေတယ်ဆိုတာ အတိတ်က ကိစ္စတစ်ခု ဖြစ်သွားပါပြီ။ ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်ရေး အစီအစဉ်တွေက စီစဉ်ထားတဲ့အတိုင်း အတိအကျ လည်ပတ်နေတာကြောင့် အခုဆိုရင် မဟာဗျူဟာမြောက် လက်နက်တွေ တပ်ဆင်ထားတဲ့ အပြည့်အဝစွမ်းရည်ပြည့် တပ်ဖွဲ့တစ်ခုအဖြစ်ကို တက်လှမ်းနေပြီ ဖြစ်ပါတယ်။” လို့ ဂုဏ်ယူဝင့်ကြွားစွာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကင်ဂျုံအွန်ဟာ ပြီးခဲ့တဲ့နှစ်တွေကစလို့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေအပြင် ရေတပ်စွမ်းရည်မြှင့်တင်ရေးကိုပါ အဓိကအာရုံစိုက်လာခဲ့ပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းတွေကိုပါ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လက အခုတပ်တော်ဝင်တဲ့ သင်္ဘောပေါ်ကနေ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု ပြုလုပ်အပြီးမှာလည်း “ဒါဟာ ရာစုနှစ်ဝက်အတွင်း မရရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ ရေပိုင်နက်အချုပ်အခြာအာဏာ ကာကွယ်ရေးအတွက် အကြီးမားဆုံး အပြောင်းအလဲပါပဲ။” လို့ သူက ပြောဆိုခဲ့ပါသေးတယ်။ သူဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအပြီး အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂက သတ်မှတ်ခဲ့တဲ့ အနောက်ဘက်ရေပိုင်နက်နယ်နိမိတ်မျဉ်း (NLL) ကို အသိအမှတ်မပြုကြောင်း ထပ်တလဲလဲ ပြောဆိုထားသူဖြစ်ပြီး အဆိုပါနယ်နိမိတ်မျဉ်းအနီးမှာ နှစ်နိုင်ငံအကြား မကြာခဏ ပစ်ခတ်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
ဒါ့အပြင် ကန်ကွန် (Kang Kon) လို့ အမည်ရတဲ့ ချွဲဟွန် အမျိုးအစား တူညီတဲ့ ဒုတိယမြောက် ဖျက်သင်္ဘောတစ်စင်းကိုလည်း မကြာခင် တပ်တော်ဝင်ဖို့ရှိနေသလို၊ တန်ချိန် ၁၀,၀၀၀ ရှိတဲ့ ဖျက်သင်္ဘောအကြီးစားကြီး တည်ဆောက်ဖို့လည်း မြောက်ကိုရီးယားက စီစဉ်နေတယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ပျက်ပြားသွားပြီးကတည်းက ကင်ဂျုံအွန်ဟာ ရုရှား၊ တရုတ်တို့နဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်ရင်း သူရဲ့ နျူကလီးယားလက်နက်တိုက်ကို အရှိန်အဟုန်နဲ့ ချဲ့ထွင်နေတာပဲ ဖြစ်ပါတယ်။
သတင်း Source: AP News