စက်တင် ၁၄၊ ၂၀၂၆
The Kaladan Post
ယီမင်နိုင်ငံတွင် ဟူသီလက်နက်ကိုင်များနှင့် အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲများ အရှိန်မြင့်တက်လာကာ ဟူသီတို့က အဓိက ရေကြောင်းလမ်းများကို ထိန်းချုပ်လိုက်ပြီးနောက် စက်တင်ဘာလဆန်းမှစ၍ လူပေါင်း ၈၂,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ဟူသီတို့သည် သောကြာနေ့က တာအိဇ် (Taiz) ပြည်နယ်ရှိ မဟာဗျူဟာမြောက် မိုခါ (Mocha) ဆိပ်ကမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ယီမင်၏ ပင်လယ်နီ ကမ်းရိုးတန်းတစ်ခုလုံးနှင့် ဘပ်ဘ်အယ်လ်မန်ဒက်ဘ် (Bab al-Mandeb) ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့တွင်လည်း ဟူသီတို့က ဆော်ဒီအာရေးဗီးယားရှိ စစ်အခြေစိုက်စခန်း၊ လက်နက်သိုလှောင်ရုံနှင့် ကွပ်ကဲမှုစင်တာများကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အစိုးရဘက်တော်သား အမျိုးသားခုခံကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ ဩဂုတ် ၉ ရက်မှ စက်တင်ဘာ ၁၀ ရက်အတွင်း ယီမင်တပ်ဖွဲ့ဝင် ၅၀၀ ကျော် သေဆုံးခဲ့ပြီး ဟူသီဘက်တွင်လည်း ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။ ထို့ပြင် ဟူသီတို့ ဝင်ရောက်လာပြီးနောက် အနောက်ဘက် ကမ်းရိုးတန်းဒေသများတွင် အရပ်သားများ သတ်ဖြတ်ခံရမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၉၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း အခွင့်အရေးအဖွဲ့များက ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့ (IOM) ညွှန်ကြားရေးမှူးချုပ် အေမီပုပ် (Amy Pope) က တိုက်ပွဲများကြောင့် ပြည်တွင်း နေရပ်စွန့်ခွာရသူ အရေအတွက်မှာ နာရီနှင့်အမျှ မြန်ဆန်စွာ တိုးပွားနေကြောင်း သတိပေးခဲ့ပါတယ်။ Oxfam အဖွဲ့ကလည်း ယီမင်ပြည်သူ ၃ ပုံ ၂ ပုံ (လူဦးရေ ၂၂ သန်းခန့်) သည် လူသားချင်းစာနာမှု အကူအညီများကို အရေးပေါ် မှီခိုနေရပြီး ထောင်ပေါင်းများစွာမှာ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားထားပါတယ်။
ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ပင်လယ်ကွေ့ နိုင်ငံခြားရေးဝန်ကြီးများနှင့် အီရန် နိုင်ငံခြားရေးဝန်ကြီးတို့ အိုမန်နိုင်ငံတွင် တွေ့ဆုံမည့် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း အိုမန်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိုင်ယာလန် ခရီးစဉ်အတွင်း သတင်းထောက်များကို “ကျွန်တော် စိတ်မဝင်စားပါဘူး၊ အဲဒါ သူတို့ကိစ္စပါ” ဟု မှတ်ချက်ပေးခဲ့ပါတယ်။
Source – SBS News