စက်တင် ၁၅၊ ၂၀၂၆
The Kaladan Post
ရခိုင်ပြည်နယ် စစ်တွေနှင့် ပေါက်တော ဒေသတို့တွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များ အထိနာပြီး တပ်ဆုတ်ခဲ့ရသဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်နယ်စပ်တစ်လျှောက် လုံခြုံရေးနှင့် စစ်ဘေးရှောင် စိုးရိမ်မှုများ မြင့်တက်လာပါတယ်။
စက်တင်ဘာလ အစောပိုင်းတွင် စစ်ကောင်စီ၏ ‘စစ်ဆင်ရေး ၄၉၂၆’ အပါအဝင် ထိုးစစ်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ပြီး တပ်ဆုတ်ခဲ့ရတယ်လို့ တာဝန်ရှိသူများက ဆိုပါတယ်။ လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ထိန်းချုပ်ထားပြီး စစ်ကောင်စီလက်ထဲတွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များသာ ကျန်ရှိပါတော့တယ်။
အဆိုပါ အခြေအနေများသည် အိန္ဒိယ၏ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းအပေါ် တိုက်ရိုက် သက်ရောက်နေပါတယ်။ မီဇိုရမ်ပြည်နယ် လောင်တလိုင် (Lawngtlai) ခရိုင်နှင့် ထိစပ်နေသည့် ပလက်ဝမြို့နယ်ကို AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီကတည်းက ထိန်းချုပ်ထားပြီး ဇိုရမ်ပွီး-ပလက်ဝ လမ်းကြောင်းပေါ်တွင် ဂိတ်များဖွင့်ကာ ကုန်စည်များအပေါ် ၅ ရာခိုင်နှုန်းခန့် အခွန်ကောက်ခံနေကြောင်း သိရပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲများကြောင့် ဇိုခေါသာရ် (Zokhawthar) နှင့် ဝါဖိုင်း (Vaphai) ရွာများသို့ ချင်းစစ်ဘေးရှောင် ၄၀,၀၀၀ ခန့် ရောက်ရှိ နေထိုင်နေကြပါတယ်။ မီဇိုရမ်နယ်စပ်သို့ စစ်ဘေးရှောင်များ ထပ်မံ ဝင်ရောက်လာနိုင်သဖြင့် အာသံရိုင်ဖယ်တပ်နှင့် မီဇိုရမ် ရဲတပ်ဖွဲ့တို့က နယ်စပ်လုံခြုံရေးကို အထူး တိုးမြှင့်ထားပါတယ်။
အိန္ဒိယ၏ အရှေ့မျှော် မူဝါဒအတွက် အဓိကကျပြီး ၂၀၂၇ ခုနှစ်တွင် အပြီးသတ်ရန် ရည်မှန်းထားသည့် ကုလားတန် စီမံကိန်းသည် လက်ရှိ နယ်မြေ မတည်ငြိမ်မှုများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရပါတယ်။ ကျွမ်းကျင်သူများက ရခိုင်ဒေသတွင်း စစ်ကောင်စီ၏ စစ်ရေး အားနည်းချက်များသည် မီဇိုရမ်နယ်စပ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ဖိအားနှင့် ဆက်သွယ်ရေး စီမံကိန်း လုံခြုံရေးဟူသော စိန်ခေါ်မှု ၂ ရပ်ကို ဖြစ်ပေါ်စေသည်ဟု သုံးသပ်ထားပါတယ်။
Source – Amar Ujala