စက်တင် ၁၅၊ ၂၀၂၆
The Kaladan Post
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ် လမ်းမကြီး စီမံကိန်းနှင့် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းများ အောင်မြင်စွာ ပြီးစီးရေးအတွက် ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့် နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘေးထာကူးရ် (Abhay Thakur) တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ယင်းထုတ်ပြန်ချက်တွင် နှစ်နိုင်ငံ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် နယ်စပ်ဒေသများ အကျိုးဖြစ်ထွန်းစေရန် ပေါင်းစည်းရေး၊ ဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ် ကုန်သွယ်ရေး လမ်းကြောင်းသည် စစ်ကိုင်းတိုင်းကို ဖြတ်သန်းသွားပြီး တမူး-ကလေး-ယာကြီး-မုံရွာ လမ်းပိုင်းမှာ အဓိက လမ်းကြောင်း ဖြစ်ပါတယ်။ လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေသဖြင့် အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အလားတူပင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့ကို ချိတ်ဆက်မည့် ကုလားတန် စီမံကိန်းသည်လည်း နယ်မြေတွင်း တိုက်ပွဲများကြောင့် ရပ်တန့်နေရပါတယ်။ အဆိုပါ လမ်းကြောင်းများတစ်လျှောက် အခြေစိုက်သည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှု မရှိပါက အစိုးရအချင်းချင်း (G2G) ထိတွေ့ဆက်ဆံမှုဖြင့်သာ စီမံကိန်း အောင်မြင်ရန် ခက်ခဲနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားပါတယ်။
သို့သော်လည်း အိန္ဒိယ အစိုးရအနေဖြင့် အဆိုပါ စီမံကိန်းများကို လာမည့် ၂၀၂၇ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်နိုင်ရန် ရည်မှန်းထားကြောင်း သိရပါတယ်။
Source – CNI News