ဇူလိုင် ၂၂၊ ၂၀၂၆

The Kaladan Post

အိန္ဒိယနိုင်ငံမှာ စာမေးပွဲမေးခွန်းတွေ ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး လူငယ်ထောင်ပေါင်းများစွာရဲ့ ဆန္ဒပြမှုတွေ ပြင်းထန်လာတာကြောင့် ပညာရေးဝန်ကြီး Dharmendra Pradhan က အစိုးရအနေနဲ့ ကျောင်းသားလူငယ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို လွှတ်တော်အတွင်းမှာ ဆွေးနွေးသွားမှာဖြစ်သလို စာမေးပွဲစနစ်ကိုလည်း ပြုပြင်ပြောင်းလဲသွားမယ်လို့ ကတိပြုလိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့လကတည်းက စတင်ခဲ့တဲ့ “Cockroach Movement” (ပိုးဟပ်လှုပ်ရှားမှု) လူငယ်တွေရဲ့ တောင်းဆိုချက်အပေါ် အစိုးရဘက်က ပထမဆုံးအကြိမ် တရားဝင် တုံ့ပြန်လာတာလည်း ဖြစ်ပါတယ်။

ဝန်ကြီး Pradhan က ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ကျွန်တော်တို့ အစိုးရအနေနဲ့ NEET (ဆေးကျောင်းဝင်ခွင့်စာမေးပွဲ) ကိစ္စနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ အမှန်တကယ် စိုးရိမ်ပူပန်မှုတွေကို လွှတ်တော်အတွင်းမှာ ဆွေးနွေးဖို့ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ကတိပြုပါတယ်။ အိန္ဒိယက ကျောင်းသားတွေဟာ နိုင်ငံရေးအရ အသုံးချခံရမယ့်သူတွေ မဟုတ်ပါဘူး။ သူတို့အတွက် ပြုပြင်ပြောင်းလဲမှုတွေနဲ့ တာဝန်ခံမှုရှိတဲ့ အဖြေတွေကို ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ဒီပြောကြားချက်ဟာ ဝန်ကြီးချုပ် မိုဒီကလည်း မေးခွန်းပေါက်ကြားမှုမှာ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ ကတိပြုပြီးနောက်ပိုင်း ထွက်ပေါ်လာတာပါ။

အင်္ဂါနေ့က ပြုလုပ်တဲ့ ဆန္ဒပြပွဲအတွင်းမှာတော့ အတိုက်အခံ ကွန်ဂရက်ပါတီ ခေါင်းဆောင် ရာဟူးလ်ဂန္ဒီ (Rahul Gandhi) နဲ့ ၎င်းရဲ့နှမဖြစ်သူ ပရီယန်ကာဂန္ဒီ တို့ဟာ ဝန်ကြီးချုပ် မိုဒီရဲ့ နေအိမ်ရှေ့မှာ ထိုင်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ကို ရဲတပ်ဖွဲ့က ခေတ္တထိန်းသိမ်းခဲ့ပေမဲ့ ညပိုင်းမှာတော့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ရာဟူးလ်ဂန္ဒီက ထိန်းသိမ်းခံထားရစဉ်အတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ “ဘာကြောင့် အိန္ဒိယရဲ့ ပညာရေးစနစ်က ပြိုလဲနေရတာလဲ။ ဘာကြောင့် မေးခွန်းတွေ ပေါက်ကြားနေရတာလဲ။ မိသားစုတွေဟာ သူတို့သားသမီးတွေ ပညာသင်ဖို့အတွက် ဘာလို့ စီးပွားရေးအရ အကြီးအကျယ် ပျက်စီးနေရတာလဲ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ် မိုဒီအနေနဲ့ ဆန္ဒပြလူငယ်တွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် တောင်းပန်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဒီလှုပ်ရှားမှုဟာ ပြီးခဲ့တဲ့ မေလအတွင်းက ဆေးကျောင်းဝင်ခွင့်စာမေးပွဲ မေးခွန်းတွေ ပေါက်ကြားခဲ့ပြီး ကျောင်းသား ၂ သန်းလောက် ပြန်လည်ဖြေဆိုခဲ့ရတဲ့ ဖြစ်စဉ်ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တဲ့ ကျောင်းသား ၁၂ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အစာငတ်ခံ ဆန္ဒပြနေတဲ့ တက်ကြွလှုပ်ရှားသူ ဆိုနမ်ဝမ်ချက် (Sonam Wangchuk) ကိုလည်း တရားရုံးအမိန့်အရ ပုဂ္ဂလိကဆေးရုံတစ်ခုဆီ ပြောင်းရွှေ့ကုသပေးနေပါတယ်။ နိုင်ငံရေးလေ့လာသူတွေကတော့ အခုလူငယ်ထုရဲ့ ပေါက်ကွဲမှုဟာ ၂၀၁၄ ခုနှစ် ဝန်ကြီးချုပ် မိုဒီ အာဏာရလာပြီးနောက်ပိုင်း အပြင်းထန်ဆုံး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

သတင်းရင်းမြစ် – Reuters