စက်တင် ၁၅၊ ၂၀၂၆
The Kaladan Post
ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ၏ အဆင့်အတန်းကို စစ်ကောင်စီက ရုပ်သိမ်းကြောင်း ကြေညာခဲ့သော်လည်း ကုလသမဂ္ဂ၏ တရားဝင် သဘောတူညီမှု မပါဘဲ တစ်ဖက်သတ် ပယ်ဖျက်၍ မရနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တုံ့ပြန်လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရိုက်တာ သတင်းဌာနသို့ ပေးပို့သည့် အီးမေးလ်တွင် “ကုလသမဂ္ဂဆိုင်ရာ နိုင်ငံအဆင့် သံတမန် ရာထူးတစ်ခုကို ကုလသမဂ္ဂ အရည်အချင်းစစ် ကော်မတီ၏ သဘောတူညီချက် သို့မဟုတ် တရားဝင် လက်ခံမှု မရှိဘဲ စစ်တပ် အာဏာပိုင်များ အနေဖြင့် တစ်ဖက်သတ် ရုပ်သိမ်းနိုင်မည် မဟုတ်ပါ” ဟု ဖော်ပြထားပါတယ်။
မြန်မာ စစ်ကောင်စီကမူ သံအမတ်ကြီး ဦးကျော်မိုးထွန်း သည် “တရားမဝင် လှုပ်ရှားမှုများ” ပြုလုပ်နေပြီး NUG နှင့် ပူးပေါင်းကာ နိုင်ငံပိုင် ပစ္စည်းများနှင့် သံရုံး ရန်ပုံငွေများကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခဲ့သည်ဟု စွပ်စွဲထားပါတယ်။ ထို့ကြောင့် ၎င်း၏ သံအမတ် အဆင့်အတန်းကို ရုပ်သိမ်းလိုက်ပြီး အင်တာပိုလ် (INTERPOL)၊ အမေရိကန် အေဂျင်စီများနှင့် သံတမန်ရေး လမ်းကြောင်းများမှတစ်ဆင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားပါတယ်။
ဦးကျော်မိုးထွန်း သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် အာဏာသိမ်း စစ်တပ်ကို အသိအမှတ်မပြုရန် ကုလသမဂ္ဂ၌ ထုတ်ဖော် တိုက်တွန်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ကုလသမဂ္ဂ အရည်အချင်းစစ် ကော်မတီက မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားခဲ့သည့်အတွက် ၎င်းအနေဖြင့် သံအမတ်ကြီး ရာထူးကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယခုလနှောင်းပိုင်းတွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အပြီးတွင် အရည်အချင်းစစ် ကော်မတီ အစည်းအဝေး ပြုလုပ်ရန် မျှော်လင့်ရပြီး မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ဆိုင်ရာ အငြင်းပွားမှုများကို ဆွေးနွေးသွားဖွယ် ရှိနေပါတယ်။
Source – Reuters