ဩဂုတ် ၁၄၊ ၂၀၂၆

The Kaladan Post

လာမည့် အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်စစ် ပြင်ဆင်မှုအဖြစ် ရှုတ်ချလိုက်ပြီး ၎င်း၏ တရားဝင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးသွားမည်ဟု မြောက်ကိုရီးယားက သောကြာနေ့ (ဩဂုတ်လ ၁၄ ရက်) တွင် သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် “ကျူးကျော်စစ်အတွက် လေ့ကျင့်မှု” (a rehearsal for an aggressive war) ဖြစ်ပြီး ဒေသတွင်း မတည်ငြိမ်မှုကို ပိုမို ဖြစ်ပေါ်စေကြောင်း ထုတ်ပြန်ထားပါတယ်။ ထို့အပြင် “ခြိမ်းခြောက်မှု အဆင့်အသစ်တစ်ခုကို ဟန့်တားမှု အဆင့်အသစ်တစ်ခုနဲ့ တုံ့ပြန်တာဟာ လုံခြုံရေးကို အာမခံနိုင်မယ့် ကျွန်တော်တို့ရဲ့ အစဉ်တစိုက် မူဝါဒဖြစ်ပါတယ်” ဟု ဆိုပါတယ်။

အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်တို့၏ နှစ်စဉ် ပြုလုပ်မြဲ Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့တွင် စတင်မည်ဖြစ်ပြီး မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်နှင့် ခုခံကာကွယ်ရေး သဘောသာဖြစ်သည်ဟု မဟာမိတ် နှစ်နိုင်ငံက ထပ်လောင်း ပြောဆိုထားပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းမှ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့အပြီး ယခု သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ လေ့လာသူများကမူ မြောက်ကိုရီးယားသည် မဟာမိတ်များ၏ စစ်ရေးလေ့ကျင့်မှုကို အကြောင်းပြ၍ ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည် လက်နက်များကို တိုးချဲ့ ရယူနေခြင်းဖြစ်သည်ဟု သုံးသပ်ထားကြပါတယ်။

Source – AP