စက်တင် ၁၂၊ ၂၀၂၆
The Kaladan Post
အမေရိကန်နှင့် အီရန်တို့အကြား ရေကြောင်း တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာပြီးနောက် အကြီးစား ရေနံတင် စူပါတန်ကာကြီးများ၏ သယ်ယူပို့ဆောင်ခ နှုန်းထားများသည် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့ပါတယ်။
Baltic Exchange ၏ စာရင်းများအရ အိုမန်ပင်လယ်ကွေ့မှ တရုတ်နိုင်ငံသို့ ရေနံတင်ပို့သည့် အလွန်ကြီးမားသော ရေနံတင်သင်္ဘောကြီးများ (VLCC) ၏ သယ်ယူခနှုန်းထားသည် Worldscale အမှတ် ၄၅၀ ဝန်းကျင် သို့မဟုတ် ရေနံတစ်ဘီပါလျှင် ၁၁.၅၀ ဒေါ်လာခန့်အထိ ရောက်ရှိခဲ့ပါတယ်။ ယင်းသည် အမေရိကန်-အစ္စရေးနှင့် အီရန်တို့ စစ်ပွဲစတင်ခဲ့ပြီးနောက် နှုန်းထားသတ်မှတ်ခဲ့သည့် ကာလအတွင်း အမြင့်ဆုံး စံချိန်ဖြစ်သလို အနောက်အာဖရိကမှ အာရှသို့ သွားသည့် လမ်းကြောင်းတွင်လည်း စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
အမေရိကန်က အီရန် ရေနံတင်သင်္ဘော ၅ စီးကို နှစ်မြှုပ်ခဲ့ပြီးနောက် အီရန်ဘက်ကလည်း ဟော်မုဇ် ရေလက်ကြားအနီးရှိ သင်္ဘော ၁၀ စင်းကို ဗုဒ္ဓဟူးနေ့တွင် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ပါတယ်။ ထို့အပြင် သောကြာနေ့တွင် အီရန်ကျောထောက်နောက်ခံပြု ဟူသီတို့က ဘပ်ဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားရှိ မဟာဗျူဟာမြောက် ပယ်ရင်မ် (Perim) ကျွန်းကို ထိန်းချုပ်လိုက်ခြင်းကလည်း ရေကြောင်းလမ်း လုံခြုံရေးကို ပိုမို စိုးရိမ်လာစေခဲ့တာ ဖြစ်ပါတယ်။
Vortexa မှ လေ့လာသုံးသပ်သူ အိုင်အိုအန်နစ် ပါပါဒီမီထရီယူ (Ioannis Papadimitriou) က “အမေရိကန် ရေတပ်နဲ့ အီရန်တို့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေဟာ ပင်လယ်ကွေ့ ဒေသတစ်ဝိုက် ကုန်စည်ပို့ဆောင်ခ နှုန်းထားတွေကို အမြင့်ဆုံး စံချိန်သစ်တွေဆီ ဆက်လက် တွန်းပို့နေပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ အီရန်၏ လက်တုံ့ပြန်မှုကို စိုးရိမ်သဖြင့် အဆိုပါ ဒေသတွင် ပြေးဆွဲမည့် သင်္ဘော အရေအတွက် နည်းပါးသွားခြင်းကလည်း စရိတ်စကများ မြင့်တက်လာစေသည့် အကြောင်းရင်း ဖြစ်တယ်လို့ ၎င်းက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ယခုကဲ့သို့ ရေနံ သယ်ယူပို့ဆောင်ခ နှုန်းထားများ ဆက်လက် မြင့်တက်နေပါက ကမ္ဘာ့ ငွေကြေးဖောင်းပွမှု ဖိအားများကို ပိုမို ဆိုးရွားစေနိုင်ပြီး စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအတွက် ကုန်ကျစရိတ်များကို ပိုမို မြင့်တက်လာစေနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။
Source – Reuters