မတ် ၇
The Kaladan Post
အီရန်နိုင်ငံတွင် ဆင်နွှဲနေသည့် စစ်ဆင်ရေးများကို နောက်ထပ် အဆင့်တစ်ခုသို့ မြှင့်တင်လိုက်ပြီဖြစ်ကြောင်း အစ္စရေး စစ်တပ်ဘက်မှ ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းကာ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အီရန်နိုင်ငံအပေါ် လက်ဦးမှုယူ တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် စစ်ပွဲသည် လက်ရှိအချိန်တွင် တစ်ပတ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။
မတ်လ ၆ ရက်နေ့တွင် အစ္စရေးတပ်ဖွဲ့များသည် အီရန်၏ မြို့တော် တဟီရန် အတွင်းရှိ အရေးကြီးသော အခြေခံအဆောက်အအုံများကို အပြင်းအထန် ပစ်မှတ်ထား တိုက်ခိုက်နေသလို လက်ဘနွန်နိုင်ငံ၏ ဘေရွတ်မြို့ တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ဘနွန်နိုင်ငံသည် အီရန်၏ မဟာမိတ်ဖြစ်သော ဟစ်ဇ်ဘိုလာ (Hezbollah) လက်နက်ကိုင်အဖွဲ့၏ အဓိက အခြေစိုက်ရာ နေရာများအနက် တစ်ခုဖြစ်သည်။
အစ္စရေးစစ်တပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အီယဲလ် ဇာမား (Eyal Zamir) က အမေရိကန်နှင့် အစ္စရေး ပူးပေါင်းဆင်နွှဲနေသော စစ်ဆင်ရေးသည် ယခုအခါ “နောက်ထပ် ကဏ္ဍသစ်တစ်ခုသို့” ဝင်ရောက်လာနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အစ္စရေးဘက်မှ အီရန်အစိုးရနှင့် အီရန်၏ စစ်ရေးစွမ်းရည်များကို အားလုံးအနေဖြင့် ပိုမိုထိရောက်စွာ ချေမှုန်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဇာမားက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် အသေးစိတ် မထုတ်ပြောနိုင်သေးသော “အံ့အားသင့်စရာ ဖြစ်ရပ်များ” ကိုလည်း မကြာမီ မြင်တွေ့လာရနိုင်ကြောင်း သူက ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိ အခြေအနေတွင် အီရန်ဘက်မှ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စစ်စခန်းများကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် လက်တုံ့ပြန် ပစ်ခတ်နေခြင်းကြောင့် စစ်ပွဲသည် ဒေသတစ်ခုလုံးကို သက်ရောက်မှုရှိသော ပဋိပက္ခကြီးတစ်ခုအဖြစ် ပိုမို ကျယ်ပြန့်လာနေသည်။
အီရန်မီဒီယာများ၏ ဖော်ပြချက်အရ မတ်လ ၆ ရက်နေ့ မနက်အစောပိုင်းကတည်းက တဟီရန်မြို့တော်အတွင်း ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း အတည်ပြုထားသည်။
အစ္စရေးဘက်မှ စစ်ဆင်ရေးများကို အရှိန်မြှင့်နေကြောင်း ကြေညာချိန်တွင်ပင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) ကလည်း အီရန်နှင့် တဟီရန်မြို့တော်အပေါ် အသုံးပြုနေသည့် အမေရိကန် စစ်အင်အားနှင့် ပစ်အားများသည် နေ့စဉ် တိုးမြှင့်လာနေကြောင်း ပြောကြားခဲ့သည်။
ထိုအချိန်တွင် အီရန်၏ အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) က အစ္စရေး၏ တိုက်ခိုက်မှုများအပြီး မကြာမီတွင် တဲလ်အဗစ်ဗ် မြို့ကို ဒုံးကျည်များဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) က NBC သတင်းဌာနသို့ ပြောကြားရာတွင် လက်ရှိအချိန်တွင် အီရန်သို့ ခြေလျင် တိုက်ခိုက်ရေးတပ်များ စေလွှတ်ခြင်းသည် အချိန်ဖြုန်းခြင်းသာ ဖြစ်နိုင်ကြောင်းနှင့် ယင်းရွေးချယ်မှုကို လောလောဆယ် မစဉ်းစားထားကြောင်း ပြောကြားခဲ့သည်။
ထရမ့်၏ အဆိုအရ အီရန်နိုင်ငံသည် စစ်ပွဲအတွင်း ရေတပ်အင်အားအများစု အပါအဝင် အရေးကြီးသော စစ်ရေးအင်အားများကို ဆုံးရှုံးထားပြီးဖြစ်ကြောင်းလည်း ဆိုသည်။ ထို့ပြင် အမေရိကန်အနေဖြင့် လက်ရှိ အီရန်အစိုးရ၏ အုပ်ချုပ်မှုစနစ်ကို ဖယ်ရှားလိုကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
ထရမ့်က အီရန်နိုင်ငံတွင် ပိုမိုကောင်းမွန်သော ခေါင်းဆောင်တစ်ဦး ပေါ်ထွန်းလာစေလိုကြောင်းနှင့် ယင်းအတွက် ဖြစ်နိုင်ခြေရှိသော ပုဂ္ဂိုလ်အချို့ကိုလည်း စဉ်းစားထားကြောင်း ထပ်မံ ပြောကြားခဲ့သည်။
Source — BBC
Photo — AFP