စက်တင် ၁၅၊ ၂၀၂၆
The Kaladan Post
အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားသား ခရီးသွားများအတွက် နေထိုင်ခွင့် သက်တမ်း ကာလများ သီးခြား ပြင်ဆင်သတ်မှတ်ထားသည့် ဗီဇာကင်းလွတ်ခွင့် စည်းမျဉ်းသစ်ကို လာမည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ပြင်ဆင်ထားသည့် အစီအစဉ်အရ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံသားများသည် ရက်ပေါင်း ၃၀ အထိ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဆက်လက် နေထိုင်ခွင့် ရရှိမည် ဖြစ်ပါတယ်။
သို့သော်လည်း မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံသားများအတွက်မူ ၁၄ ရက်အထိသာ ဗီဇာကင်းလွတ်ခွင့် ရရှိတော့မည် ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသားများ အနေဖြင့် အဆိုပါ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ကို ထိုင်းနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှတစ်ဆင့် ဝင်ရောက်လာမှသာ ခံစားခွင့် ရရှိမည် ဖြစ်ပါတယ်။
ယခုကဲ့သို့ ပြင်ဆင်ရခြင်းမှာ နိုင်ငံတကာ ခရီးသွားလာရေးကို ဆက်လက် အဆင်ပြေစေရန် ဆောင်ရွက်ပေးရင်း နိုင်ငံခြားသား ဧည့်သည်များကို ပိုမို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်၊ သင့်လျော်သည့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များ ရှိစေရန်နှင့် အမျိုးသား လုံခြုံရေးကို မြှင့်တင်နိုင်ရန်အတွက် ဖြစ်သည်ဟု ထိုင်းအစိုးရက ရှင်းလင်းထားပါတယ်။
Source – KPL