ဩဂုတ် ၂၆၊ ၂၀၂၆
The Kaladan Post
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာ သောင်းပေါင်းများစွာသည် မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်နေထိုင်ခွင့် ရရှိရေးအတွက် ဩဂုတ်လ ၂၅ ရက်နေ့တွင် ချီတက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ရိုဟင်ဂျာများ မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ရသည့် ၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယခု ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ထိုနေ့တွင်ပင် ဗြိတိန်၊ ဂျပန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ အပါအဝင် နိုင်ငံ ၁၅ နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့က ဘင်္ဂလားဒေ့ရှ်၌ ရောက်ရှိနေသည့် ရိုဟင်ဂျာ ၁.၂ သန်းနီးပါးအတွက် နိုင်ငံတကာ ထောက်ပံ့မှုများ ဆက်လက် ပေးအပ်ရန် ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ၊ လေကြောင်း တိုက်ခိုက်မှုများနှင့် ကန့်သတ်ချက်များကြောင့် အခြေအနေမှာ မိမိဆန္ဒအလျောက် ဘေးကင်းစွာ ပြန်လည်နေထိုင်ရန် အခြေအနေ မပေးသေးကြောင်း သံတမန်အဖွဲ့များက သတိပေးထားပါတယ်။ လက်ရှိတွင် အာရက္ခတပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် လုံခြုံရေးမှာ စိုးရိမ်စရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဘက်က ဒုက္ခသည် ၃ သိန်းကျော်ကို စိစစ်ထားပြီး လုံခြုံရေး ကောင်းမွန်ပါက ပြန်လည် လက်ခံမည်ဟု ဆိုသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ယင်းအရေအတွက်ကို အငြင်းပွားထားသလို ရိုဟင်ဂျာများကို “ဘင်္ဂါလီ” ဟု ခေါ်ဆိုမှုကိုလည်း ဝေဖန်ထားပါတယ်။ ထို့ပြင် ICJ တရားရုံးတွင်လည်း မြန်မာနိုင်ငံအပေါ် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်များနှင့် ပတ်သက်သည့် ကြားနာမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလက ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Source – ပြည်တွင်းသတင်းဖော်ပြချက်