ဩဂုတ် ၂၇၊ ၂၀၂၆
The Kaladan Post
စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်အတွက် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လီဟိုအိုင်ထရုန်း (Le Hoai Trung) သည် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် နှင့် ဩဂုတ်လ ၂၆ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ခရီးစဉ်အတွင်း ဝန်ကြီး လီဟိုအိုင်ထရုန်း သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ နှင့်အတူ ၁၀ ကြိမ်မြောက် ဗီယက်နမ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးကို ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၈၅၃ သန်း ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၅၉၀ သန်းအထိ ကျဆင်းခဲ့သဖြင့် ဒေါ်လာ ၁ ဘီလီယံအထိ ပြန်လည် မြှင့်တင်ရန် သဘောတူခဲ့ကြပါတယ်။
လက်ရှိတွင် ဗီယက်နမ်သည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၀၇ ခု (မှတ်ပုံတင် အရင်းအနှီး ဒေါ်လာ ၁.၄ ဘီလီယံ) လုပ်ကိုင်လျက် ရှိပါတယ်။ သမ္မတ ဦးမင်းအောင်လှိုင် က Mytel အပါအဝင် ဗီယက်နမ် စီးပွားရေး လုပ်ငန်းများ၏ ဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် နည်းပညာ ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် ကူညီပေးမည်ဟု ပြောဆိုခဲ့ပါတယ်။
ဝန်ကြီး လီဟိုအိုင်ထရုန်း သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီ နှင့်လည်း သီးခြား တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံ အရာရှိများသည် ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် မူးယစ်ဆေးဝါးနှင့် ဆိုက်ဘာ ပြစ်မှုများ တိုက်ဖျက်ရေးတွင် အတူ ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။
Source – VNA